Saturday, October 13, 2007

မျိုးချစ်သံဃာတော်များသို့



နမောတဿ ဘဂ၀တော အရဟတော သမ္မာသမ္ဗုဒ္ဓဿ


ရိုသေမြတ်နိုး ရှိခိုးပူဇော်ထိုက်သော မေတ္တာတော်ရှင် အရှင်သံဃာတော်မြတ်တို့ဘုရား...
တပည့်တော်တို့ စင်္ကာပူမှ မြန်မာများအနေနှင့် လူမဆန်၊ အရှက်မဲ့ ရက်စက်ယုတ်မာသော လူသတ်စစ်အစိုးရ၏ သံဃာတော်များအပေါ် ကျူးလွန်သောလုပ်ရပ်ကို သိရ၍ များစွာဝမ်းနည်းရပါသည် ဘုရား...
တပည့်တော်တို့ ပြည်သူတွေအတွက် ရှေ့မှ မားမားမတ်မတ် ရပ်တည်ပေးတဲ့အတွက် ကျေးဇူးအထူးတင်ပါသည် ဘုရား...
လူယုတ်မာ စစ်အစိုးရတို့ရဲ့ လုပ်ရပ်ကို ပြင်းထန်စွာ ရှုတ်ချပါသည် ဘုရား...
သာသနာဖျက်ဝန်ကြီးနဲ့ စစ်အာဏာရှင်များက ဘုရား တရားတော်နဲ့မညီ လှုပ်ရှားရင် လက်ရှိ (သူတို့ဆွဲထားတဲ့) ဥပဒေနဲ့ အရေးယူမယ်ပြောပြီး ရက်စက်တဲ့လုပ်ရပ်အတွက် တပည့်တော်တို့က စစ်အာဏာရှင်အုပ်စုကို စက်ဆုပ်ရွံရှာစွာ ဆန့်ကျင်ပါသည် ဘုရား...
တပည့်တော်တို့ နားလည်ထားသည်မှာ တပည့်တော်တို့ ဘုရားရှင်တော်ဟာ နိုင်ငံရေးမှာ ပါဝင်ခဲ့ကြောင်း တရားတော်တွင် အထင်အရှား ရှိပါသည် ဘုရား...
နိုင်ငံရေး၊ ဘာသာရေး၊ လူမှုရေး၊ စားဝတ်နေရေးတို့ဆိုတာ နာမည်သာ ခွဲထားပြီး အားလုံးအတူတူပဲလို့ နားလည်ထားပါသည် ဘုရား...
ဘုရားရှင်ဟာ ဝေသာလီပြည်မှာ ပြည်သူတွေ အစာရေစာ ငတ်ပြီး သေကြေကာ ဒုက္ခရောက်နေတဲ့အချိန် ဘီလူးသရဲများ မြို့ထဲဝင်ကာ သောင်းကျန်းခဲ့တာကို ရတနသုတ်တော်နဲ့ ကယ်တင်ခဲ့ပါသည် ဘုရား...
ဆွေတော်မျိုးတော်ပြည်သူတွေ စစ်မက်ဖြစ်ပြီး သေမည့်အရေးကို ဆွေရိပ်မျိုးရိပ်က အေးမြကြောင်း တရားပြပြီး တားခဲ့ဖူးပါသည် ဘုရား...
မင်းကျင့်တရား ၁၀ ပါးကို ဟောကြားပြီး မင်းများကို ပြုပြင်ဆုံးမခဲ့ပါသည် ဘုရား...
ပဒေသရာဇ်ခေတ်မှာလည်း စစ်မက်ပြေငြိမ်းဖို့ သံဃာတော်များဟာ သံတမန်လုပ်ပြီး မေတ္တာတော်နဲ့ ဖြေရှင်းပေးခဲ့ပါသည် ဘုရား...
လွတ်လပ်ရေး တိုက်ပွဲခေတ်မှာလည်း ဦးဥတ္တမ၊ ဦးဝိစာရတို့ကဲ့သို့သော သံဃာတော်များဟာ တိုင်းပြည်အတွက် မေတ္တာတော်နဲ့ တိုက်ပွဲဝင်ပေးခဲ့ပါသည် ဘုရား...
ဒါကြောင့် ဘုရားတရားတော်၊ ဘုရားကျင့်စဉ်နဲ့အညီ စားဝတ်နေရေး ချို့တဲ့ ငတ်ပြတ်နေသော မြန်မာပြည်သူပြည်သားတွေအတွက် တိုင်းပြည်မှာ သောင်းကျန်းနေသော စစ်ဘီလူးသရဲတို့ကို ဘုရားတရားတော်ရွတ်ပြီး မောင်းထုတ်ပေးတဲ့အတွက်၊ ပြည်သူ့ရှေ့မှ မားမားမတ်မတ် ရပ်တည်ပေးတဲ့အတွက် အထူးကျေးဇူးတင်ပါကြောင်း ရိုသေမြတ်နိုးစွာ ရှိခိုး ကန်တော့ပြီး လျှောက်ထားအပ်ပါသည် ဘုရား...


မေတ္တာပို့

မေတ္တာတော်သခင်
ဘုရားရှင်၏
လမ်းစဉ်တော်တိုင်း
ရိုင်းစိုင်းသူကို
လူလိုစိတ်ထား
ရှိလိုငြားနဲ့
အမှားပြင်ပေး
ပြည်သူ့ဘေးအတွက်
သွေးမြေကျခံ
ရှင်သံဃာများ
အားသုံးဖြိုခွင်း
လူယုတ်မင်းမှ
ကင်းဝေးစေကြောင်း
ဆုတောင်းမေတ္တာပို့သပါသည် ဘုရား...

ရေမြင့်မှ ကြာတင့်မည်...
ပြည်သူ စီးပွားအဆင်ပြေမှ
သာသနာတော် ပိုပြီးထွန်းကားမည်...


ပြည်သူလူထုအတွက် အသက်ပေးလှူခဲ့ကြသော သံဃာတော်များ၊ ကျောင်းသားများနှင့် ပြည်သူများအား အမျှပေးဝေပါသည် ဘုရား...
အမျှ... အမျှ... အမျှ...


စင်္ကာပူရောက် မြန်မာမျိုးချစ် လူငယ်များ

*** *** ***


အထက်ပါစာကတော့ စက်တင်ဘာ ၃၀ ရက်နေ့က တိုပါးရိုးဘုန်းကြီးကျောင်းမှာ စင်္ကာပူမှ မြန်မာလူငယ်များ ဝေမျှတဲ့ ကြေငြာစာရွက်ထဲက အချို့ပါ။ ကျွန်မဘလော့ဂ်မှာ ချက်ချင်း ပြန်တင်ဖို့ စိတ်ကူးထားပေမဲ့ နှစ်ပတ်လောက်ကြာမှပဲ တင်နိုင်ပါတော့တယ်။ သံဃာတော်အရှင်မြတ်များကို သင်္ကန်းဝတ်တွေလို့သာ ထင်မြင်နေသော၊ သင်္ကန်းချွတ်လိုက်ရင် ငါတို့လို သာမန်လူပဲလို့ ယူဆနေကြသော ထိုမိစ္ဆာဒိဌိများကို သူတို့အကုသိုလ် ကိုယ့်အကုသိုလ်ဖြစ်လာမှာ အလွန်ပဲ စိုးရိမ်မိတဲ့အတွက် ဘာဆိုဘာမျှ မပြောလိုပါ။ တချိန်မှာ သူတို့ကို ကပ်ဘေးကြီး သင့်လာတဲ့အခါ အဖျားခတ်မခံရဖို့သာ မြန်မာပြည်သူပြည်သား အားလုံးအတွက် ဆုတောင်းလိုက်ပါတယ်။

s0wha1

Print this post

0 comments:

ကာရန်မဲ့ အတွေးစများ © 2008 Por *Templates para Você*