Tuesday, October 2, 2007

သေသော်မှတည့် ဩော်...ကောင်း၏



တနေ့က သူငယ်ချင်းတစ်ယောက် ဒီမှာ ကျောင်းလာတက်ဖို့ ရောက်လာတယ်။ လေဆိပ်က ထွက်လာလာချင်း အားတက်သရော မေးလိုက်တာက "ဟဲ့...ငါတို့ နိုင်မှာမလားဟင်" တဲ့။ ကျွန်မတို့လည်း သူ့ကို ကြောင်တောင်တောင်နဲ့ ပြန်ကြည့်မိတယ်။ သူက တခါ ထပ်ပြောတယ်။ "ငါတို့ နိုင်မှာမလား" တဲ့။ နောက်တော့ ကျွန်မရဲ့ မအီမသာ မျက်နှာကို ကြည့်ပြီး သူ့ကိုယ်သူ အားပေးသလို ပြောတယ်။ "ငါတော့ ဒီတခါ ငါတို့ နိုင်မယ်လို့ ထင်တယ်တဲ့"။ ကျွန်မ ညီမကတော့ ရယ်ပြီး လှမ်းပြောလိုက်တယ်။ "ရန်ကုန်က လာတဲ့ နင်က အပြင်မှာနေတဲ့ ငါတို့ကို လာပြန်မေးနေတယ်" လို့။

သူက သူ့အတွေ့အကြုံ တချို့ပြန်ပြောပြတယ်။ သူပြောပြတာတွေက အင်တာနက် သတင်းတွေမှာ ဖတ်ပြီးသားတွေပါပဲ။ စစချင်း အကြမ်းဖက်တဲ့
တော်သလင်းလပြည့်နေ့မှာ မနက်ပိုင်းက နေပူပြီး ညနေပိုင်း မိုးမရွာဘဲ မိုးလေးအုံ့နေချိန်မှာ မိုးခြိမ်းတဲ့အကြောင်းပေါ့။ မိုးကြိုးပစ်တာက သာမန်နဲ့ မတူဘဲ လျှပ်စီးလက်နေချိန် လျှပ်စီးကြောင်း တလျှောက် တဖျစ်ဖျစ်နဲ့ အသံမြည်တဲ့အကြောင်းတွေ ပြောပြတယ်။ ပြီးတော့ မျက်ရည်ယို မီးခိုးငွေ့တွေ ဘယ်လို ထိကြောင်း၊ ဘာညာပေါ့။

နောက်တော့ ကျွန်မအစ်မကို သူကပြောတယ်။ "မကြီးရေ... အခု ရန်ကုန်က ညနေပိုင်းလောက်ဆို မိုးလေး တဖွဲဖွဲကျ၊ မီးတွေက ပျက်၊ တရပ်ကွက်လုံးမှောင်မည်းပြီး လူတွေကလည်း အပြင်မထွက်ဘဲ တိတ်ဆိတ်နေတာမှ တကယ့် ဇနပုဒ်ပါပဲ"တဲ့။ အင်း...

*** *** ***

ခုရက်ပိုင်း ကြားရ၊ မြင်ရ၊ တွေ့ရတာတွေကလည်း သက်ပြင်းအခါခါချ၊ စိတ်အဆင်းရဲကြီး ဆင်းရဲလို့ အလုပ်လုပ်ရတာလည်း စိတ်မပါ၊ အိပ်လို့လည်း မပျော်၊ ထမင်းစားလို့လည်း မဖြောင့်။ ကိုယ်တစ်ယောက်ထဲလားဆိုတော့လည်း မဟုတ်။ လူတော်တော်များများ စိတ်မသက်မသာ ဖြစ်နေကြတာ။ တစ်ယောက်ထဲနေရင်း အလိုလို စိတ်တိုနေမိပြီး ဘယ်သူ့ကိုမှ စကားကောင်းကောင်းပြောမရ။ ဩော်... ဘယ်ဘ၀၀ဋ္ဋ်ကြွေးပါလိမ့်လို့လည်း တခါတခါ စိတ်ပျက်လက်ပျက် တွေးမိတယ်။ ကောင်းကောင်းနေ၊ ကောင်းကောင်းစားနေရတာတောင်မှ စိတ်မချမ်းသာတဲ့အဖြစ်။ ကိုယ်က သက်တောင့်သက်သာ အိပ်နေချိန်မှာ ဘယ်သူတွေများ အိပ်မပျော်ဖြစ်နေကြမလဲ၊ မအိပ်နိုင်အောင် အနှိပ်အစက် အထုထောင်းခံနေရမလဲ၊ သေပြေးရှင်ပြေး ပြေးနေရမလဲ... လဲပေါင်းများစွာ... ကိုယ်ကတော့ စားချင်တာစားနေချိန်မှာ ဘယ်သူတွေများ ၀၀လင်လင်မှ စားရပါ့မလား၊ နေ့လည် ၁၂ မကျော်ခင်မှ စားရပါ့မလား... လားပေါင်းများစွာ...

ဩော်...ဘ၀၀ဋ္ဋ်ကြွေးများတော့ လူက လွတ်မြောက်လာတာတောင် စိတ်က မလွတ်မြောက်သေး။

ဘုရားသုဉ်း တရားသုဉ်း သံဃာသုဉ်း
မြို့သုဉ်း သုည သုဉ်းသုံးဝတွင်
သုဉ်းရပြန်လစ် သုညခေတ်ဝယ်
ဖြစ်လာရပေ တို့တတွေသည်
သေသော်မှတည့် ဩော်...ကောင်း၏။
***
အရိုးတွေ တောင်လိုပုံနေမှ
မြန်မာပြည်
အာဏာရှင် လက်အောက်မှ လွတ်မယ်ဆိုရင်
ဦးဇင်းတို့ သံဃာတွေရဲ့ အရိုးတွေဟာ
အောက်ဆုံးက ရှိနေမယ်။

ပြည်သူများရဲ့ သံဃာ
***
"လူအချင်းချင်း နှိပ်စက်ခြင်း ကင်းရှင်းကြပါစေ။
တို့မေတ္တာစွမ်း ကမ္ဘာလွှမ်း အေးချမ်းကြပါစေ။"

မျက်ရည်ဖြိုင်ဖြိုင် ကျနေသူတွေကလည်း များစွာ...

မြန်မာ့သမိုင်းမှာ ဘယ်တုန်းကမှ မရှိခဲ့ဘူးတဲ့ လုပ်ရပ်...

သေသောမှတည့် ဩော်...ကောင်း၏။


s0wha1

Print this post

0 comments:

ကာရန်မဲ့ အတွေးစများ © 2008 Por *Templates para Você*