Friday, September 28, 2007

စက်တင်ဘာ ၂၈ ရက်၊ အနီရောင် Campaign in Singapore



ဒီနေ့ ဘုန်းကြီးကျောင်းမှာ ဆုတောင်းပွဲနဲ့ ဆွေးနွေးပွဲလုပ်မယ်ဆိုပြီး မက်ဆေ့ခ်ျတွေပို့ပြီး သတင်းပေးခဲ့ကြပါတယ်။ ပုံမှန်ဆို အပတ်စဉ် စနေနေ့မှာသာ ဘုန်းကြီးကျောင်းမှာ ဓမ္မစကြာရွတ်ပွဲရှိတာပါ။ ခုတော့ ဒီသောကြာက အထူးနေ့ဖြစ်ခဲ့ပါတယ်။ အနီရောင် အင်္ကျီတွေဝတ်ထားတဲ့ မြန်မာတွေဟာ ထောင်နဲ့ချီပြီး လာကြပါတယ်။ အနီရောင်အင်္ကျီကို လူငယ်တွေတင်မဟုတ်ဘဲ လူကြီးတွေပါ ၀တ်လာကြတာပါ။ ဘုန်းကြီးကျောင်း သုံးထပ်လုံး ခြေချစရာမရှိအောင် အနီရောင်လူထုကြီး ဖုံးလွှမ်းခဲ့ပါတယ်။

အစပိုင်းက ပုံမှန် ဓမ္မစကြာရွတ်တဲ့နေ့ မဟုတ်တဲ့အတွက် တတိယထပ်မှာ ဘုန်းဘုန်းတပါးက တရားပေးပါတယ်။ ဒါပေမဲ့ တဖွဲဖွဲရောက်လာတဲ့လူတွေက သုံးထပ်မှာ ပြည့်ကျပ်သွားတဲ့အပြင် နှစ်ထပ်က ၀ရံတာ ပတ်ပတ်လည်မှာလည်း လူအပြည့်ဖြစ်သွားပါတယ်။ ဒါနဲ့ နောက်ထပ်ရောက်လာတဲ့ လူတွေအတွက် အောက်ဆုံးထပ်မှာပါ ဘုန်းဘုန်းတပါးက တရားပေးရပါတယ်။ အဲဒီ အောက်ဆုံးထပ်မှာလည်း လူတွေက အပြည့်ပါပဲ။ ကျွန်မတို့က အလုပ်ကနေ တန်းသွားရလို့ နောက်ကျတာနဲ့ လှေကားနားမှာ ထိုင်ရပါတယ်။ ဒါတောင် ထိုင်စရာ နေရာမရှိတာကြောင့် ကျောင်းဝန်း၊ ကျောင်းပြင်မှာ ကိုယ့်အစုနဲ့ကိုယ် မတ်တပ်ရပ်လို့ တမျိုး၊ ထိုင်လို့တမျိုး ရှိကြပါသေးတယ်။ အပေါ်ထပ်က တရားပွဲက အရင်ပြီးပါတယ်။ အဲဒီအပေါ်ကလူတွေ အောက်ထပ်ကို ဆင်းနေကြတာတင် နာရီဝက်ကျော်ကြာတဲ့ထိ လူမကုန်သေးဘူးဆိုတော့ လူအင်အားဘယ်လောက်များမလဲ စဉ်းစားလို့ရနိုင်ပါတယ်။








အရင်ဆုံး ဘုန်းဘုန်းက ဓမ္မစကြာရွတ်နေကျ နေ့မဟုတ်ဘဲ ဒီရက်ကို ဘာလို့ လာကြတာလဲလို့ စကားလမ်းကြောင်းပြီး မေးပါတယ်။ ရုတ်တရက် လူတွေလည်း ဘာပြန်လျှောက်ရမှန်းမသိ၊ နောက်မှ လူတယောက် ထလာပြီး ဘာကြောင့်လာရပါတယ်ဆိုတာကို လျှောက်တင်ပါတယ်။ ပြီးတာနဲ့ မေတ္တာသုတ်ရွတ်၊ မောရသုတ်ရွတ်ပါတယ်။ နောက်ဆုံးတော့ ဘ၀တပါးပြောင်းသွားကြသူများကို ရည်စူးပြီး အမျှဝေတာနဲ့ နိဂုံးချုပ်လိုက်ပါတယ်။ ထူးခြားချက်တခုကတော့ မြန်မာနိုင်ငံသား အစ္စလာမ်ဘာသာဝင် မိသားစုတစုကလည်း အနီရောင် အင်္ကျီတွေဝတ်ပြီး ဗုဒ္ဓဘာသာဘုန်းကြီးကျောင်းကို လာရောက်ကြတာပါပဲ။

ဘုန်းကြီးကျောင်းကအပြန် လမ်းမှာ ကျွန်မညီမလေးက ကောက်ခါငင်ခါ စကားတခွန်း ပြောတယ်။ သမီးတို့ မြန်မာပြည်သူတွေက ဒီစစ်အစိုးရအုပ်စုကို အကြွေးဘယ်လောက်တောင် ရှိနေလဲမှ မသိတာနော်တဲ့။ သူ့စကားကြားတာနဲ့ လူလည်း ငိုင်တွေသွားမိတယ်။ အင်း... ကျွန်မတို့ ပြည်သူတွေ ဒီစစ်အုပ်စုအပေါ် ၀ဋ္ဋ်ကြွေးရှိရင်လည်း ဒီဘ၀ ဒီမျှနဲ့တင် ပြီးပါစေတော့လေလို့...

ဓာတ်ပုံတွေက အောက်ထပ်ကလူတွေကိုပဲ ရိုက်ထားတာပါ။ အလယ်ထပ် ၀ရံတာနဲ့ အပေါ်ထပ်ကလူတွေကိုတော့ ဓာတ်ပုံမရိုက်နိုင်ခဲ့ပါဘူး။ ကျွန်မ ဘုန်းကြီးကျောင်းရောက်လို့ တတိယထပ်ကို လှမ်းအတက်၊ အပေါ်ထပ်က တရားပွဲကလည်းအပြီး ကွက်တိရောက်သွားလို့ပါ။ ဒါနဲ့ တတိယထပ်ထိတောင် မရောက်လိုက်ပါဘူး။ ဒုတိယထပ်ကနေ ပြန်ဆင်းလာပြီး အောက်ထပ်မှာပဲ မောရသုတ်ရွတ်၊ အမျှဝေ၊ ပြီးတာနဲ့ မချစ်လေပြေကို နှုတ်ဆက်လို့ ပြန်လာခဲ့ပါတော့တယ်။

s0wha1

Print this post

2 comments:

Chit Lay Pyay said...

ဓာတ်ပုံလေးတွေမသွားတယ်နော် အာရုံတွေနောက်နေတာနဲ့ ဓာတ်ပုံတောင် မရိုက်ဖြစ်လိုက်ဘူး၊ ညီမစီကပဲ ယူလိုက်တော့မယ်နော်၊

s0wha1 said...

ဟုတ် အမ...

ကာရန်မဲ့ အတွေးစများ © 2008 Por *Templates para Você*