Friday, August 17, 2007

မလေးရှားမှ အပြန် (၃)



မလေးရှားမှ အပြန် (၁)
မလေးရှားမှ အပြန် (၂)

ဒီလိုနဲ့ KL ကနေ ၄ နာရီနီးပါး စီးလာပြီးတော့ ကလွမ်းဆိုတဲ့မြို့ကို ရောက်လာတော့တယ်။ ကလွမ်းကလည်း နယ်စပ်မြို့လေးပါပဲ JB နဲ့ နာရီဝက်လောက်ပဲ ကားစီးရတယ်။ ဒါပေမဲ့ ဂျိုဟိုးမြို့လို လူမရှုပ်သလို၊ သန့်လည်း သန့်ရှင်းပါတယ်။ သပ်သပ်ရပ်ရပ်နဲ့ နေလို့ကောင်းတဲ့ မြို့လေးပါပဲ။ ကျွန်မတို့ မြန်မာနိုင်ငံက တောင်ပေါ်နယ်မြို့လေးတွေနဲ့ ဆင်ဆင်တူပါတယ်။ အားလုံးက ကိုယ့်ဝန်းကိုယ့်ခြံလေးတွေနဲ့ တော်တော် အေးချမ်းတဲ့မြို့ပါ။ အဲဒီမှာ အပန်းဖြေဖို့ resort လေးလည်း ရှိတယ်။ ချစ်စရာ ဘန်ဂလိုအိမ်လေးတွေပါပဲ။ အဖေ့မိတ်ဆွေက ကျွန်မတို့မိသားစုကို အဝေးပြေးဂိတ်မှာ သူ့ကားနဲ့လာကြိုရင်း မြို့လေးကို လှည့်ပတ်မောင်းပြတာပါ။ ပြီးတော့ ကျွန်မတို့မိသားစု အဲဒီမှာ တစ်ညတည်းဖို့ သူ booking လုပ်ပေးမဲ့အကြောင်းပြောတယ်။ အဲဒီမြို့လေးမှာ တညလောက်နေချင်စိတ်ပေါက်ပေမဲ့ ကျွန်မတို့ မနေဖြစ်ပါဘူး။ အရမ်းပင်ပန်းနေတာနဲ့ အိမ်ပဲ ပြန်ရောက်ချင်နေတော့တာပဲ။

သူ့အိမ်ရောက်တော့ သူတို့ တရုတ်နှစ်ကူး မိသားစု ထမင်းစားပွဲအတွက် ပြင်ဆင်ထားတာ တွေ့ရတယ်။ ဒါပေမဲ့ ဧည့်သည်တွေဖြစ်တဲ့ ကျွန်မတို့ကို အရင်စားစေပါတယ်။ တရုတ်ဗုဒ္ဓဘာသာဝင်တွေဖြစ်တဲ့အတိုင်း အစားအစာတွေက အကုန်လုံး သက်သတ်လွတ်တွေလေ။ အရင်ဘ၀က ဘီလူးသေလို့ ၀င်စားသလားမှတ်ရတဲ့ ကျွန်မတို့ မောင်နှမတွေက သက်သတ်လွတ် မစားတတ်ကြပါဘူး။ ဒါပေမဲ့ KL ကနေ မနက်စာ အဆာပြေလေးပဲ စားလာတဲ့ ကျွန်မတို့ မိသားစုတွေအတွက် အဲဒီဆီမပါ၊ ဆားမပါ ကျွန်မတို့ ပါးစပ်နဲ့ အစပ်အဟပ်မတည့်တဲ့ တရုတ်သက်သတ်လွတ်ဟင်းပွဲတွေက နတ်သုဒ္ဓါတမျှ အရသာရှိခဲ့ပါတယ်။ ခုနေ စားခိုင်းရင်တော့ လုံးဝ စားချင်မှာ မဟုတ်ပေမဲ့ အဲဒီတုန်းကတော့ ခေါင်းမဖော်တမ်းကို စားခဲ့ကြတာတော့ သေချာတယ်။

စားသောက်ပြီးလို့ အိမ်ရှေ့မှာ ခဏ စကားထိုင်ပြောကြပြီး သူက ကျွန်မတို့အတွက် ဘန်ဂလို တလုံးယူဖို့ သွားမယ်လုပ်မှ ကျွန်မတို့ ညမအိပ်တော့ကြောင်း ပြောရတယ်။ တမြို့လုံး ကလေးသူငယ်နဲ့ အသက်ကြီးပိုင်းတွေသာ ရှိတဲ့ အေးချမ်းတဲ့ အဲဒီမြို့လေးကို နောက်တခါ အေးဆေးမှ ပြန်လာလည်မယ်ပေါ့။ ဒါပေမဲ့ ထုံးစံအတိုင်းပဲ ခုချိန်ထိ ကျွန်မတို့ တခေါက်မှ ထပ်မသွားဖြစ်ပါဘူး။ အဲဒီ ကလွမ်းမြို့မှာ အလုပ်မလုပ်တော့ဘဲ အငြိမ်းစားယူထားတဲ့ လူကြီးမိဘတွေနဲ့၊ အလုပ်မလုပ်နိုင်တဲ့ ကလေးသူငယ်တွေပဲ နေကြတာပါ။ လူငယ်လူရွယ်တွေကတော့ မြို့နဲ့ မနီးမဝေးမှာ ရှိတဲ့ စင်္ကာပူမှာ လာအလုပ်လုပ်နေကြတာ အိမ်တိုင်း လူငယ်၊ လူလတ်ပိုင်းဆိုတာ မရှိသလောက်ပါပဲ။

ဒီလိုနဲ့ အဲဒီမိတ်ဆွေမိသားစုကို နှုတ်ဆက်ပြီး အဝေးပြေးကားကြီးထပ်စီးလို့ ဂျိုဟိုးကို လာခဲ့ကြတယ်။ ဂျိုဟိုးရောက်တော့ KL မှာလိုပဲ စိတ်ညစ်ညူးမိပြန်တာပါပဲ။ အိမ်ကိုသာ အတောင်ပံပေါက်ပြီး ချက်ချင်း ပြန်ရောက်ချင်နေတော့တယ်။ မလေးရှားသွားမလည်ရလို့ ထိုင်ငိုတဲ့ကျွန်မ အိမ်ပြန်ချင်လို့ ညည်းညူတော့လည်း ကျွန်မက ထိပ်ဆုံးကပဲ ထင်ပါရဲ့။ နောက် မလေးရှား immigration ကို ဖြတ်တယ်။ အဲဒီမှာ လူတွေကလည်း ကြိတ်ကြိတ်တိုးလို့။ လူကလည်း ပေါင်းစုံပဲ။ နောက် ကားစီးပြီး တံတားကိုဖြတ်တယ်။ စင်္ကာပူ immigration ကိုရောက်တယ်။ အဲဒီမှာတော့ ခုနက တန်းစီတိုးနေတဲ့ ရှုပ်ရှက်ခတ်နေသော လူတွေလည်း ဘယ်ရောက်ကုန်ကြပြီလဲ မသိပါဘူး။ သန့်ရှင်းသပ်ရပ်မှု၊ စည်းစနစ်ကျနမှုတွေက ဟိုဘက်နဲ့ ဒီဘက် တံတားလေးကျော်အပြီးမှာကို ကွာခြားချင်တိုင်း ကွာခြားသွားတာပဲ။

ဒီဘက်ခြမ်းကိုအရောက် ရှူရတဲ့လေကိုက မတူတော့သလို၊ စိတ်ထဲမှာ အေးချမ်းပြီး လုံခြုံမှုအပြည့်ရှိသွားသလို ခံစားလိုက်ရတယ်။ ကျွန်မ ပထမဆုံးအကြိမ် ဒီနိုင်ငံမှာ နေခွင့်ရတာကို ကျေနပ်လိုက်မိပါတယ်။ သူများနိုင်ငံမှာ နေရင် အဲဒီနိုင်ငံနဲ့ လူမျိုးတွေအပေါ် ကြည့်မရတဲ့စိတ်တွေ ဖြစ်ပေါ်လာတတ်တာ ကိုယ့်နိုင်ငံမဟုတ်တဲ့ နိုင်ငံတခုမှာ နေဖူးတဲ့လူတိုင်း ခံစားရတတ်ပါတယ်။ ကျွန်မတို့လည်း အစက ဒီလိုပါပဲ။ ဒီနိုင်ငံမှာနေပြီး တရုတ်သံတွေ မကြားချင်၊ မလေးသံတွေ မကြားချင်၊ သူတို့ရုပ်တွေလည်း ကြည့်လို့မရအောင် အမြင်ကပ်ပါတယ်။ သူတို့ရဲ့ ပြောပုံဆိုပုံ၊ အမူအယာတွေ အကုန်လုံးကို မုန်းမိတယ်။ သူများနိုင်ငံမှာ လာနေရတဲ့ အခြေအနေကိုလည်း မကျေနပ်ဖြစ်မိတယ်။ ဒါပေမဲ့ အဲဒီနိုင်ငံကနေ ထွက်လို့ တခြားနိုင်ငံတခုကို အလည်သွားလိုက်ချိန်မှာပဲ ကျွန်မရဲ့စိတ်တွေ အားလုံးပြောင်းလဲသွားတယ်။

ကိုယ့်နိုင်ငံ ရာသီဥတုနဲ့ ကိုက်ညီပြီး နေလို့ထိုင်လို့ကောင်းသော၊ ကိုယ်စားချင်တဲ့ မြန်မာအစားအစာအကုန်ရသော၊ စည်းစနစ်ကျနပြီး လုံခြုံမှုအပြည့်ရှိသော၊ ကိုယ့်လူမျိုး
မြန်မာတွေ များလွန်းလို့ မြန်မာနိုင်ငံက မြို့တမြို့မှာ နေနေရသလို ခံစားမှုမျိုးပေးနိုင်သော၊ ကမ္ဘာ့အဆင့်အတန်းမီ တိုးတက်သော၊ ကိုယ့်အစွမ်းအစပေါ်မူတည်ပြီး နေရာရနိုင်သော ဒီလိုနိုင်ငံမျိုးမှာ နေနေရတာကို ကျွန်မ မကျေမနပ် မဖြစ်မိတော့ပါဘူး။ ဒီနေရာမှာ ကိုယ့်နိုင်ငံမဟုတ်တဲ့အတွက် တခြားအခက်အခဲတွေတော့ ရှိနိုင်ပါတယ်။ မောက်မာ ထောင်လွှားနေသော ဒီနိုင်ငံသားများကို ကိုယ်ကလည်း အဲလို ပြန်ဆက်ဆံနိုင်ရင်တော့ ဒီနိုင်ငံမှာ မနေပျော်စရာမရှိဘူးလို့ ကျွန်မတော့ ထင်တာပဲ။ အနှိမ်ခံရတယ်ဆိုတာ ကိုယ်က အနှိမ်ခံလို့သာ ကိုယ့်ကို နှိမ်ပြီး ဆက်ဆံလို့ရတာပါ။ ကိုယ်ကသာ ငြိမ်မခံရင် ဘာကိစ္စ ကိုယ့်ကို လာမောက်မာနေစရာ ရှိမှာလဲ။ သူတို့က ကိုယ့်ကို ကြောတောမောတော လာပြောရင် ကိုယ်ကလည်း ပက်ခနဲ ပြန်ပြောပစ်ဖို့ ၀န်မလေးတတ်ဖို့တော့ လိုတယ်။ သူတို့တွေက ဘာနဲ့ တူလဲဆိုရင် ကြောက်တတ်သူကို ဖြဲခြောက်တတ်တဲ့သူတွေနဲ့ တူပါတယ်။ အဲဒီလိုလူတွေကို ကိုယ်က မကြောက်တဲ့အပြင် ပြန်ဟောက်ရင် ငြိမ်ဝပ်သွားတတ်တဲ့ လူစားတွေပါပဲ။ မယုံရင် စမ်းကြည့်ပါလား။:P

တခါတခါ သူတို့က မြန်မာပြည်နဲ့ မြန်မာလူမျိုးဆိုတာ ဘာဆိုဘာမှ မရှိတဲ့ တောကြီးမျက်မည်းထဲက လူရိုင်းတွေလို့ ထင်နေတတ်တဲ့အမျိုးပါ။ မြန်မာနိုင်ငံမှာ ကွန်ပြူတာလို၊ တီဗွီလိုပစ္စည်းမျိုးတောင် မရှိဘူးလို့ ထင်တတ်ပြီး ပြောချင်ဆိုချင်ကြတဲ့ ပညာမတတ်တဲ့ ဒီနိုင်ငံသားတွေနဲ့လည်း တချို့ကြုံဖူးမှာပါ။ ပညာတတ်အသိုင်းအ၀ိုင်းမှာတော့ အဲဒီလောက် အခြေအနေမဆိုးဘူးလို့ ထင်ပါတယ်။ ကျွန်မတော့ အလုပ်ထဲမှာဆို တခွန်းမခံ ကပ်ကပ်လန် ပြန်ပြောပစ်တတ်လွန်းလို့ ကျွန်မကို ဘယ်သူမှ ဘာမှ လာမပြောကြတော့ပါဘူး။ ကိုယ်မှန်နေလို့ကတော့ အလုပ်ကိစ္စနဲ့ ပတ်သက်ပြီးလည်း လာနှိမ်တာမျိုး၊ ကြောပြောတာမျိုး အပြောခံစရာအကြောင်းမရှိဘူးလေ။ ကိုယ်က ကိုယ့်ပညာနဲ့ကိုယ် လာနေနေတာကို ဆင်းရဲတဲ့နိုင်ငံကနေ သူတို့နိုင်ငံမှာ လာနေရတယ်ဆိုပြီး နှိမ်ချပြောဆိုစရာအကြောင်းကတော့ လုံးဝ မရှိဘူးလို့ထင်ပါတယ်။ နောက်ဆုံးမှာတော့ ဒီနိုင်ငံမှာ အသားကျသွားတဲ့အပြင် ကိုယ့်မြန်မာနိုင်ငံက မြို့တမြို့ဆိုတဲ့ ခံစားချက်မျိုးဖြစ်လာပြီး သူတို့နိုင်ငံသားတွေကိုတောင် ကိုယ့်နိုင်ငံမှာ လာနေနေတဲ့ လူတွေလို့ ထင်မိတတ်ပါသေးတယ်။;))

ဒီလိုနဲ့ နိုင်ငံကို သူ့ဟာသူ တပါတီစနစ်နဲ့ လက်ဝါးကြီးအုပ် အုပ်ချုပ်နေတာပဲ ဖြစ်ဖြစ်၊ ဒီမိုကရေစီ အပြည့်မရှိတဲ့၊ ဒီမိုကရေစီ တ၀က်ပဲရှိတဲ့ တိုင်းပြည်လို့ပဲ ပြောပြော၊ ပြည်သူပြည်သားတွေရဲ့ ပိုက်ဆံ တ၀က်ကျော်ကို သိမ်းပိုက်ထားတဲ့ အစိုးရလို့ပဲ ဆိုဆို ကိုယ့်နိုင်ငံသားတွေ စားဝတ်နေရေး အဆင်ပြေပြေနဲ့ ကမ္ဘာနဲ့ရင်ဘောင်တန်း နေနိုင်အောင် လုပ်ပေးနိုင်တာ တခုထဲနဲ့တင် ကျွန်မကတော့ ဒီအစိုးရကို ဘာစောဒကမှ မတက်လိုပါဘူး။ သူတို့အစိုးရ မကောင်းကြောင်း၊ မကျေနပ်ကြောင်းတွေ ခဏခဏ ပြောကြလွန်းတဲ့ ကျွန်မရဲ့ လုပ်ဖော်ကိုင်ဘက်တွေကို စကားတခွန်းပဲ ပြောလိုက်ပါတယ်။ နင်တို့က ဒီလောက် ကောင်းတဲ့ (အရမ်းကောင်းတယ်လို့ မဆိုလိုပါ။ မဆိုးဘူးလို့ပဲ ယူဆပါတယ်။) အစိုးရကို ကွန်ပလိန်းမျိုးစုံတက်နေကြတယ်။ ဘာလဲ ငါတို့နိုင်ငံ အစိုးရလိုမျိုး လိုချင်လို့လား မေးလိုက်ချိန်မှာတော့ အားလုံး ပါးစပ်တွေ ပိတ်၊ ခေါင်းတွေရော၊ လက်တွေရော၊ တကိုယ်လုံးကို ခါပြကြတယ်။ ဒါမျိုးတော့ ကြောက်တတ်သား။ နောက်နေ့ကစပြီး ကျွန်မရှေ့မှာ သူတို့အစိုးရကို မကောင်းပြောတာ မကြားရတော့ဘူးလေ။

ကျွန်မရဲ့ မလေးရှားက ပြန်လာပြီး ပြောင်းလဲလာတဲ့ အတွေးအမြင်တွေလည်း ဒီတင် ရေးလို့ ပြီးဆုံးပါပြီ။

s0wha1

Print this post

0 comments:

ကာရန်မဲ့ အတွေးစများ © 2008 Por *Templates para Você*