Thursday, August 16, 2007

သရဲတစ္ဆေ



နေလေးကောင်းလာတော့ စာက ရေးချင်လာပြန်ပြီ။ အဲဒါနဲ့ ဘလော့ဂ်ရေးခြင်း တစ်လ နားမယ့်အစီအစဉ်ကိုလည်း ဖျက်လိုက်ပါပြီ။:P ခု ရေးမယ့်အကြောင်းအရာက ဘာမှတော့ မဟုတ်ဘူး။ ကျွန်မ တစ္ဆေသရဲ အရမ်းကြောက်တတ်တဲ့အကြောင်း ပြောမလို့ပါ။ တကယ်တော့ တခါမှ ကျွန်မ သရဲအခြောက်မခံရဖူးပါဘူး။ သရဲဆိုတာ ဘယ်လိုမျိုးမှန်း မသိပေမဲ့ သရဲကားတွေကြိုက်တတ်တဲ့ ကျွန်မ သရဲကား အကြည့်လွန်ပြီး သူမတူအောင် သရဲ ကြောက်တတ်လာတာကတော့ အိမ်မှာ ပြောစမှတ်ပြုရလောက်အောင်ပါပဲ။ ပြီးခဲ့တဲ့ တနင်္လာနေ့က တရုတ်လူမျိုးတွေရဲ့ ပြက္ခဒိန်အရ ငရဲတံခါးကြီး ဖွင့်တဲ့ ပထမဆုံးနေ့ပါ။ အဲဒီတော့ ဘာဖြစ်လဲဆိုရင် ဒီက တီဗွီချန်နယ်တွေမှာ သရဲကားတွေ ညစဉ်ရက်ဆက်ပြတော့မှာပါပဲ။ ကျွန်မကလည်း သရဲကြောက်ပြီဆိုလို့ကတော့ သရဲကားကို ကြည့်ဖို့နေနေသာသာ၊ အသံတောင် မကြားချင်တော့ပါဘူး။

အရင်ဆုံး တရုတ်ဗုဒ္ဓဘာသာဝင်တွေရဲ့ ယုံကြည်မှုနဲ့ ငရဲတံခါးကြီးဖွင့်တဲ့အကြောင်း ပြောပြချင်ပါတယ်။ သူတို့ယုံကြည်မှုအရဆိုရင် ဒီလတစ်လလုံး (သူတို့အခေါ် Ghost Month) ငရဲပြည်က သရဲတွေ လူ့ပြည်လာပြီး ပျော်ပါးကြတဲ့သဘောပါပဲ။ သရဲတွေရဲ့ vacation ပေါ့လေ။ ဒီလိုလမှာဆိုရင် တရုတ်လူမျိုးတွေက မင်္ဂလာမဆောင်ကြဘူး။ ညဥ့်နက်ထိ အပြင်မှာမနေဘဲ အိမ်ကို စောစောပြန်ကြတယ်။ မိုးချုပ်လို့ ကိုယ့်နာမည်ခေါ်သံကြားရင် လှည့်မကြည့်ရဘူးလို့လည်း ပြောပါတယ်။ သရဲတွေက ခေါ်တာဖြစ်နိုင်တယ်တဲ့။ လှည့်ကြည့်မိ၊ ပြန်ထူးမိရင် အဲဒီလူက နေမကောင်းဖြစ်ပြီး သေတတ်တယ်ဆိုလားပဲ။ ဒီတော့ လူ့ပြည်က လူတွေကို ခုလို မနှောင့်ယှက်ရအောင်
ငရဲပြည်မှာ ငတ်ပြတ်ခဲ့တဲ့ သူတို့ကို အစားအစာတွေ ကျွေးရတယ်လို့ဆိုပါတယ်။ အဲဒါကြောင့် ဒီလိုလမှာဆိုရင် သရဲတွေကို အော်ပရာပြဇာတ်တွေနဲ့ ဖျော်ဖြေခြင်း၊ စက္ကူပိုက်ဆံတွေ မီးရှို့ပြီး ကောင်းမှုကုသိုလ်လုပ်ပေးခြင်း၊ အစားအစာတွေ ပုံကျွေးခြင်းတွေကို တမြို့လုံး လမ်းဘေးတကာမှာ လုပ်ပေးကြတာ မြင်ရနိုင်ပါတယ်။ ဘာပဲပြောပြော ကျွန်မလည်း သူတို့နဲ့အတူ ရောကြောက်ပါတယ်။ စက္ကူပိုက်ဆံကို မီးရှို့ထားတဲ့ ပြာပုံကို နင်းမိရင် သရဲကို မြင်ရနိုင်တယ်ဆိုလို့ ဝေးဝေးက ခွါလျှောက်ပါတယ်။ ဒါတောင် တခါတခါ များပြားလှတဲ့ပြာတွေထဲက တချို့ အိမ်ပေါ်ထိ လွင့်လာတတ်ပါသေးတယ်။ သူတို့ကတော့ အားပေးရှာပါတယ်။ ငါတို့ တရုတ်တွေအတွက်ပဲ ကြောက်ရတာ နင်တို့အတွက် ကိစ္စမရှိပါဘူးလို့ ပြောတဲ့ သူငယ်ချင်းတွေလည်း ရှိပါတယ်။

အဲဒီငရဲတံခါးဖွင့်တဲ့ ရာဇ၀င်ကလည်း စိတ်ဝင်စားဖို့တော့ကောင်းပါတယ်။ မြတ်စွာဘုရားရှင်လက်ထက်က မုလန်ဆိုတဲ့လူငယ်ရဲ့ မိခင် သေဆုံးသွားပြီးသကာလ တရက်မှာ သူ့သားကို စုတ်စုတ်ပြတ်ပြတ် ဆင်းဆင်းရဲရဲပုံစံနဲ့ လာပြောတယ်တဲ့။ သူ့မှာ စားရမဲ့၊ သောက်ရမဲ့၊ နေရမဲ့၊ ၀တ်ရမဲ့ ဖြစ်နေပါသတဲ့။ အဲဒါ သူ့ကို ကူပါ၊ ကယ်ပါဆိုပြီး လာပြောတာပါ။ သားကလည်း စိတ်မကောင်းခြင်းကြီးစွာဖြစ်ပြီး ဗုဒ္ဓကိုလျှောက်တင်မေးမြန်းပါတယ်။ သေသွားပြီဖြစ်တဲ့ သူ့အမေကို ဘယ်လိုမျိုးကူညီလို့ ရပါသလဲပေါ့။ ဗုဒ္ဓမြတ်စွာဘုရားက အစားအစာဆင်းရဲမှုအတွက် သူတို့ကို အစားအစာတွေ လှူဒါန်းခြင်း၊ အ၀တ်အစားဆင်းရဲခြင်းအတွက် အ၀တ်အထည်တွေလှူခြင်းဖြင့် ကူညီလို့ရတယ်လို့ ပြန်လည် မိန့်ကြားလိုက်တယ်တဲ့။ အဲဒါနဲ့ ခုလို အစားတွေ ပုံကျွေး၊ ဖယောင်းတိုင် အမွှေးတိုင်တွေထွန်း၊ ရွှေစက္ကူ ငွေစက္ကူတွေ မီးရှို့ဖြစ်လာရတာပါတဲ့။ လူသေရင်များ အဲဒါတွေ မီးရှို့ရုံတင်မကဘူး။ အိမ်စက္ကူ၊ ကားစက္ကူ၊ နာရီစက္ကူ၊ အ၀တ်အစားစက္ကူ၊ လူ(အခိုင်းအစေ)စက္ကူ၊ ဖိနပ်၊ ထီး၊ တုတ်ကောက်စက္ကူ စသည်ဖြင့် ရှိသမျှ အသုံးအဆောင်ပစ္စည်းအကုန်ကို စက္ကူနဲ့လုပ်ပြီး မီးရှို့တော့တာပါပဲ။ ဒါတောင် အဲလ
ိုပစ္စည်းတွေ ရောင်းတဲ့ဆိုင်ရှေ့ တခါတလေ ဖြတ်သွားဖြတ်လာလုပ်မိရင်း တွေ့မိသမျှပစ္စည်းတွေပဲ ချရေးထားတာပါ။ ကျွန်မများ ဘယ်လောက်ထိ ကြောက်တတ်လည်းဆို အဲလိုဆိုင်ရှေ့ ဖြတ်တောင် လျှောက်ရဲတာ မဟုတ်ဘူး။

ကျွန်မ သရဲ အရမ်းကြောက်တတ်လာပုံကို ပြောရမယ်ဆိုရင် ကျွန်မတို့ တမိသားစုလုံး သရဲကားကြည့်ရတာ တော်တော်ကြိုက်တာကနေ စပြောရပါမယ်။ ရန်ကုန်မှာတုန်းက ကျွန်မတို့ ငှားကြည့်နေကျ ဗွီဒီယိုခွေဆိုင် ၃ ဆိုင်က ရှိသမျှ သရဲကားအကုန် ကျွန်မတို့အိမ်က ငှားကြည့်ပြီးသားကို ဖြစ်နေတတ်ပါတယ်။ အဲဒီဆိုင်တွေက သရဲကားအသစ်ရောက်နေရင် ကျွန်မတို့အတွက် သိမ်းထားပြီး ဦးဦးဖျားဖျားလည်း ငှားတတ်ပါသေးတယ်။ အဲလောက်ထိ ကျွန်မတို့ သရဲကား၊ သည်းထိတ်ရင်ဖိုကား၊ ကြောက်စရာ လူသတ်သမားကားတွေ ကြိုက်တတ်ပါတယ်။ အဲလို ထိတ်လန့်စရာကားသစ် ငှားလာတဲ့နေ့ဆို အိမ်ရှေ့က တီဗွီရှေ့မှာ ဖျာကြီးခင်းပြီး စောင်၊ ခေါင်းအုံးအပြည့်အစုံနဲ့ အမေအပါအ၀င် ကျွန်မတို့မောင်နှမတွေ ထိုင်ကြည့်တတ်တယ်။ ကျွန်မမောင်လေးက အဲလိုကြောက်စရာကားတွေ ကြည့်ရင် မျက်လုံး အပြည့်ဖော်ပြီး မကြည့်ရဲပါဘူး။ သူက မျက်နှာကို လက်နဲ့ကွယ်ပြီး လက်ကြားထဲကနေ ကြည့်တတ်တယ်။ ကျွန်မလည်း အဲဒီတိုင်းပဲ ဆံပင်နဲ့ ကွယ်ပြီး ကြည့်ရင်ကြည့်၊ အရုပ်တွေနဲ့ကွယ်ပြီး ကြည့်လိုကြည့်နဲ့ တခုခုနဲ့ ကွယ်ပြီးမှပဲ ကြည့်ရဲတယ်။ ဒီတိုင်း ထိုင်ကြည့်ဆိုလို့ကတော့ လုံးဝကို မကြည့်ရဲတာပါ။ ခုဆို မျက်လုံးပိတ်ပြီး အသံနားထောင်ရုံနဲ့တောင် သရဲကားဆို ကျွန်မ တော်တော်ကြောက်တတ်လာပါတယ်။


ရန်ကုန်မှာ ကြည့်ခဲ့တဲ့ သရဲကားတွေက ယုတ္တိသိပ်မရှိ၊ သွေးသံတရဲရဲနဲ့ ရွံစရာကောင်းတာလောက်က များတာမဟုတ်လား။ ပြီးတော့ အဲဒီတုန်းက သရဲကားတွေကလည်း မြန်မာပြည်ကို တရားဝင် တင်သွင်းခွင့်လည်း မရ၊ အာရှ သရဲကားတွေလည်း သိပ်မရှိသေးဘူး ထင်ပါတယ်။ နောက်ပြီး တရုတ်သရဲကားတွေကလည်း ရယ်စရာဟာသကားတွေပါ။ သိပ်ပြီး ကြောက်စရာကောင်းလှတဲ့ တရုတ်သရဲကား အဲဒီတုန်းက မကြည့်ခဲ့ရပါဘူး။ အနောက်တိုင်းသရဲကား၊ သွေးစုတ်ဖုတ်ကောင်ကားတွေ ကြည့်ပြီးလို့ အလွန်ဆုံးကြောက်ရင် တစ်ရက်ပါပဲ။ အဲဒီတစ်ညတော့ မောင်နှမတွေ စုအိပ်တတ်ကြပြီး နောက်ရက်တွေတော့ ပုံမှန် မကြောက်တတ်တော့ပါဘူး။ အဲဒီတုန်းကများ ကျွန်မကို သရဲကြောက်တတ်လား မေးရင် ကျွန်မက အားရပါးရ ခေါင်းခါပြနေကျပါ။

ကျွန်မတို့သားအမိတတွေ သည်းထိတ်ရင်ဖိုကားကြည့်ရင် အရမ်းရယ်ရပါတယ်။ ကျွန်မနဲ့ မောင်လေးက မျက်နှာကို တခုခုနဲ့ကွယ်ပြီး ကြည့်နေမယ်။ ကျွန်မညီမလေးကတော့ မျက်နှာကိုလည်း ဘာနဲ့မှ မကွယ်ဘဲ ငြိမ်ငြိမ်လေးနဲ့ တောင့်တောင့်ကြီး ထိုင်ကြည့်တတ်တယ်။ အမေကတော့ ရင်ဘက်ကို လက်နဲ့ဖိ အမလေး၊ အမလေး ငါတော့ နှလုံးရောဂါရတော့မယ်ဆိုပြီး အော်နေတတ်ပြီး မျက်လုံးကတော့ တီဗွီကို နည်းနည်းမှ မခွါစတမ်းကြည့်နေတတ်ပါတယ်။ ကျွန်မအစ်မကြီးကတော့ ထိုင်ခုံကို ပတ်ပြေးပြီး ခုန်ဆွ၊ ခုန်ဆွ လုပ်နေတတ်ပါတယ်။ ပါးစပ်ကလည်း လာနေပြီ၊ လာနေပြီ။ မိတော့မယ်၊ မိတော့မယ်နဲ့ စသဖြင့် သူအော်ချင်ရာအော်နေတတ်တယ်။ အဲလိုချိန်ဆို အဖေက ဟဲ့၊ ဘာဖြစ်နေကြတာလဲလို့ ပြောရင်ပြော၊ မကြည့်ရဲရင် အခန်းထဲဝင်အိပ်နေပါလား၊ ဘယ်သူက အတင်းကြည့်ခိုင်းနေလို့လဲလို့ ပြောရင်ပြော၊ မဟုတ်ရင်တော့ ကျွန်မတို့ကို ကြည့်ပြီး တဟားဟား ရယ်နေတတ်ပါတယ်။ ကျွန်မတို့သားအမိတွေက အဲဒီလို သတ္တိခဲတွေလေ။

ဒီကို ရောက်လာချိန်ကျ ရုပ်ရှင်ရုံမှာ တင်သမျှ သရဲကားသွားကြည့်ပါတယ်။ တင်သမျှကားတွေကလည်း အာရှကားတွေဖြစ်လို့ ကျွန်မတို့ မြန်မာအယူအဆတွေနဲ့ တော်တော်လေးဆင်တူနေတာ တွေ့ရတယ်။ အဲဒီမှာတင် ကျွန်မ အကြောက်ရောဂါ စတင်လာတော့တာပါပဲ။ ပထမဆုံး ကျွန်မကြည့်ဖြစ်တဲ့ကားက The Eye ပါ။ ပြီးတော့ Two sisters, The phone,
The ring, ဂျုအွန်(ကျွန်မ စာလုံးပေါင်း မေ့နေလို့ပါ။) အဲဒီကားတွေက တရုတ်၊ ဂျပန်နဲ့ ကိုရီးယားသရဲကားတွေပါ။ နောက် ကျွန်မ ဇာတ်ကားနာမည်တွေ မမှတ်မိတော့တဲ့ တီဗွီချန်နယ် 8 နဲ့ 5 က လာတဲ့ တရုတ်သရဲကားတွေ။ ကျွန်မကို အရမ်းကြောက်စေတဲ့ကားကတော့ The Eye (part 1) နဲ့ ဂျုအွန်ကားတို့ပါပဲ။ The Eye ကိုကြည့်ပြီးချိန်မှာ ကျွန်မ အိမ်မှာ တစ်ယောက်ထဲ မနေရဲဘူး။ ကျွန်မနဲ့ ကျွန်မညီမလေးတို့က တနေကုန် အိမ်ရှေ့က ဆိုဖာပေါ်မှာ ကြောချင်းကပ်ထိုင်ပြီး ညနေ အဖေတို့ အလုပ်က ပြန်အလာကို ဒုက္ခကြီးစွာ စောင့်နေခဲ့ရပါတယ်။ အိပ်ခန်းထဲလည်း မ၀င်ရဲ၊ ဘာမှကို မလုပ်ရဲခဲ့တာပါ။ အဲဒီတုန်းက ကျွန်မတို့ ဒီနိုင်ငံစရောက်တာ လပိုင်းလောက်ပဲ ရှိဦးမယ် ထင်ပါတယ်။ The Eye ကြောင့်ပဲ ဓာတ်လှေကားလည်း တစ်ယောက်ထဲ မစီးရဲတော့ပါဘူး။ လမ်းဘေးဆိုင်တွေမှာ ၀က်ကင်တွေကို အတွဲလိုက် ချိတ်ထားရင်လည်း ရဲရဲမကြည့်ရဲအောင် ကြောက်ပါတယ်။

ဂျုအွန်ကားကို ကြည့်ပြီးချိန်မှာတော့ တင်ပါးနားလောက်ထိရှည်တဲ့ ကျွန်မဆံပင်ကိုတောင် ကျွန်မ ပြန်ကြောက်တတ်လာပါတယ်။ ရေချိုးခန်းထဲမှာ ခေါင်းလျှော်ဖို့ ဆံပင်ကို ရှေ့ချလိုက်တဲ့ခါ ကျွန်မ တုန်နေအောင် ကြောက်မိတတ်ပါတယ်။ ညဘက်များ ကိုယ့်ဆံပင်ကို ခေါင်းအုံးပေါ် လှမ်းတင်လိုက်ချိန်ပဲဖြစ်ဖြစ်၊ ဆံပင်တွေက ကုတင်အောက် ကျနေရင်ပဲဖြစ်ဖြစ် ကိုယ့်ဆံပင်ကိုယ် ကြောက်လွန်းလို့ မုန်းလိုက်တာ။ ပြီးတော့ Public Toilet တွေကိုလည်း တစ်ယောက်ထဲ မသွားရဲပါဘူး။ သူတို့ သရဲကားတွေမှာ ဓာတ်လှေကားတွေရော၊ အိမ်သာတွေရော၊ ရေချိုးခန်းတွေရောမှာ သရဲခြောက်တဲ့အခန်းတွေ ပါနေတော့ လူက အလိုလို ကြောက်နေတော့တာပါပဲ။ ဂျုအွန်ကားကလည်း အပိုင်းတွေ အများကြီးရှိမယ် ထင်ပါတယ်။ ကျွန်မ ကြည့်ဖူးတာတော့ ၂ ကားထဲပါ။ တစ်ကားက အိမ်မှာ ခွေနဲ့ကြည့်တာ၊ တစ်ကားက ရုပ်ရှင်ရုံမှာ သွားကြည့်တာပါ။ အိမ်မှာ ကြည့်တဲ့ခွေထဲက ကြောက်နေတာ ရုံမှာ သွားကြည့်တော့ ပိုဆိုးပါတယ်။ ကျွန်မ အဲဒီ ဇာတ်ကားသာ ပြီးသွားတယ်။ သရဲမရုပ်ကို မမြင်ဖူးလိုက်ပါဘူး။:P အသံကြားတာနဲ့တင် ကြောက်နေလို့ ကျွန်မ မျက်လုံးကို မဖွင့်ခဲ့တာပါ။ အဲဒီဂျုအွန်က ကလေးသရဲလေးကို ဖျက်ခနဲတောင် မမြင်ရဲအောင် ကြောက်မိတာလည်း ခုချိန်ထိပါပဲ။

အဲဒီသရဲကားတွေ ကြည့်ပြီးချိန်မှာ ကျွန်မ တော်တော်ပိန်ကျသွားခဲ့ပါသေးတယ်။ ညဘက်တွေ အိပ်မပျော်လို့ပါ။ ညရောက်ပြီဆိုတာနဲ့ မျက်လုံးထဲမှာ အဲဒီသရဲခြောက်ခန်းတွေပဲ မြင်ယောင်လာတတ်တယ်။ နောက်ဆုံး မကြီးမငယ်နဲ့ ကျွန်မ အဖေနဲ့ အမေတို့ကြားထဲမှာ သွားအိပ်ရတဲ့အဆင့်ထိကို ရောက်တော့တာပါပဲ။
ကိုယ့်ဘယ်ဘက်နဲ့ ညာဘက်မှာ အဖေနဲ့အမေ ရှိနေရက်နဲ့ကို ကြံကြံဖန်ဖန် ခြေရင်းမှာ သရဲလာအိပ်ရင်ဒုက္ခလို့လည်း တွေးမိလိုက်ပါသေးတယ်။ ဒါပေမဲ့ အဖေနဲ့အမေရဲ့ အလယ်မှာ အိပ်ရတော့လည်း ကြောက်စိတ်တွေကပျောက်ပြီး ရက်ပေါင်းများစွာ အိပ်မပျော်တာတွေက အဲဒီညမှ ကောင်းကောင်း အိပ်ပျော်နိုင်တော့တယ်။ နောက်ရက်တွေကျတော့ ကျွန်မ ပုံမှန်ပြန်ဖြစ်သွားခဲ့တယ်။

ဘာပဲပြောပြော
The Eye နဲ့ ဂျုအွန်ကား နှစ်ကားနဲ့တင် ကျွန်မ သရဲကားတွေနဲ့ အဆက်ပြတ်သွားတာ ခုချိန်ထိပါပဲ။ ရုံမှာတင်လည်း မကြည့်၊ အိမ်မှာ ငှားလည်း မကြည့်၊ တီဗွီမှာလာလည်း မကြည့်ပါဘူး။ တစ်အိမ်လုံးက ကြည့်နေရင် အခန်းထဲဝင်နေပြီး သီချင်းနားထောင်နေပါတယ်။ ကျွန်မက သရဲကားထဲက တီးလုံသံတောင် နားထောင်လို့ မရအောင် ကြောက်မိလို့ပါ။ အသံကြားတာနဲ့တောင် ကျွန်မရင်တွေ တဒိန်းဒိန်းဖြစ်လာပြီး ကြောက်တဲ့စိတ်က ငယ်ထိပ်ရောက်နေတော့တာပါပဲ။ ဘာလို့ အဲလောက်တောင် ကြောက်တတ်သွားမှန်း ကိုယ့်ကိုယ်ကိုလည်း နားမလည်ပါဘူး။ သရဲကားက ကျွန်မတစ်ယောက်ထဲ ပြတ်သွားတာတော့ မဟုတ်ဘူး။ ကျွန်မ အစ်မလည်း ကျွန်မလိုပဲ သရဲကားဆို လုံးဝမကြည့်တော့တာ။ အဲဒီ ကြောက်တတ်ခြင်း ဝေဒနာကလည်း ကိုယ်တိုင်ခံစားဖူးမှ သိမှာပါ။ ကျွန်မ ပြောပြလို့ အဲလို ကြောက်တတ်တာကို မကြောက်ဖူးတဲ့လူကတော့ ကိုယ်ချင်စားနိုင်မယ် မထင်ပါဘူး။

ခုဆို ကျွန်မက သူငယ်ချင်းတွေရဲ့ Forward မေးလ်တွေလာရင် သူတို့တွေ နောက်ထားမှာစိုးလို့ လင့်ခ်တွေပေးထားရင် ကိုယ်တိုင်သွားမကြည့်ဘူး။ သူများကို အရင်ကြည့်ခိုင်းတယ်။ ပုံတွေပို့လိုက်ရင်လည်း ကျွန်မက မေးလ်ကို အောက်ထိ တန်းပြီး ဆွဲမချဘူး။ ဖြည်းဖြည်းချင်းဆွဲချလို့ သရဲလို၊ ၀ိညာဉ်လို၊ ကြောက်စရာပုံတွေလိုမျိုး တွေ့လိုက်ရင် ဆက်မကြည့်တော့ဘဲ တန်းဖျက်ပစ်လိုက်တယ်။ ဒေါင်းလုတ်လုပ်ရမဲ့ဟာတွေဆိုလည်း ဘယ်တော့မှ ဖွင့်မကြည့်ဘူး။ လူက ဘယ်လိုဖြစ်နေလဲဆိုတော့ နည်းနည်းလေးမှကို ရင်တုန်မခံနိုင်အောင် ကြောက်နေတော့တာပါပဲ။ သရဲကား၊ သရဲရုပ်ဆိုတာကို မြင်ရုံ၊ ကြားရုံနဲ့တင် လူက ရင်တွေတုန်လာတာများ ဘာနဲ့မှကို မတူပါဘူး။ ကျွန်မ ခုချိန်မှာ အဖြစ်ချင်ဆုံးဆန္ဒကတော့ ကျွန်မ မကြောက်တတ်ချင်တော့တာပါပဲ။ တကယ်တော့ သာမန်ထက်ထူးကဲစွာ ကြောက်တတ်နေတာ တော်တော် ပင်ပန်းပါတယ်။ တခုခုဆို ရင်တုန်ပြီး နှလုံးအခုန်လွန်လို့ တခုခုဖြစ်မှာတောင် စိုးရလောက်အောင် ကျွန်မ သရဲ အရမ်းကြောက်တတ်နေတာကို ဘယ်လို ဖျောက်ရပါ့မလဲ။

s0wha1

Print this post

3 comments:

Andy Myint said...

မိသားစုတွေ သရဲကားကြည့်တဲ့ အကြောင်းက အရယ်ရဆုံးပဲ.. ဟီးဟီး။
ကျွန်တော်ကတော့ The Others အကြိုက်ဆုံးနဲ့ အကြောက်ဆုံးပဲ။

ရွက်ဝါ said...

သရဲတစ္ဆေ နဲ့ ပတ်သက်ပြီး ရှိတယ်/မရှိဘူး ဆိုတာရယ်၊ ဘာမှန်းတော့ မသိဘူး ကြောက်တယ် ဆိုတာရယ်၊ အဲဒါတော့ ကျွန်တော်လည်း ကောင်းကောင်း မပြောတတ်ဘူး။ ကိုယ့်ဟာကို လည်းမကြောက်ဘူးထင်တာပဲ။ လုံးဝကို မကြာက်ဘူးလား ဆိုရင်တော့ ဖြေရခက်မယ်ထင်တယ်။
ဒါပေမယ့် ရုပ်ရှင်ကြည့်ပြီး အပြင်မှာ ကြောက်တယ်ဆိုတာမျိုးကတော့ မဖြစ်အောင် သတိထားရင်ရမှာပါ။ ရုပ်ရှင်ဆိုတာက ၀မ်းနည်းအောင်၊ ၀မ်းသာအောင်၊ ကြောက်အောင်၊ တတ်ကြွအောင် စတဲ့ ရသအမျိုးမျိုးကို သေချာ ဖန်တီးထားတာလေ။ ၀မ်းနည်းစရာ ဇာတ်လမ်းကို ကြည့်ပြီး ငိုချင်ငိုမိမယ်။ ဒါပေမယ့် အဲဒီအကြောင်း စဉ်းစားပြီး ခဏခဏ ပြန်ငိုတာမျိုးမှ မလုပ်ရင်၊ သရဲကား ကြည့်တော့လည်း အဲလိုပဲဖြစ်ရမှာပေါ့။ ကြည့်နေတုန်း ကြောက်စိတ်ဝင်တာတော့ရှိမှာပေါ့။ နောက်ပြန်ပြီး ခဏခဏ ပြန်ကြောက်မနေနဲ့တော့လေ။ အဲလိုဖြစ်လာရင်လည်း၊ ဒါတကယ်မဟုတ်ဘူး၊ အနုပညာပဲ၊ ဖန်တီးထားတာပဲလို့ ကိုယ့်စိတ်ကို ကိုယ်ပြန်ပြီးသတိပေးလိုက်ပေါ့။ အဲလိုသတိပေးလိုက်ရင် လုံးဝကြီးမဟုတ်တောင် နည်းနည်းတော့ သက်သာသွားမယ် ထင်ပါတယ်။
စဉ်းစားမိသလောက် ကြိုးစားပြီး ပြောပြထားတာ။ အထောက်အကူ ဖြစ်မလားတော့ မပြောတတ်ဘူး။

Ma Yangon Thu said...

အမကိုယ်ချင်းစာတယ် အမလည်း အခု အဲဒီလိုမျိုး ဖြစ်နေတယ်လေ။ ရောဂါက s0wha1 လို သရဲကားကြည့်လို့ဖြစ်တာ မဟုတ်ဘူး။ ဒဂုန်ရွှေမျှားရဲ့ ညမဖတ်ရဆိုတဲ့ ၀တ္တုတို ဖတ်လိုက်ပြီးကတည်းက ဘာမှန်းမသိပဲ ကြောက်တတ်နေတာ.. တကယ်မဟုတ်ဘူးဆိုတာ သိပေမယ့်လည်း စိတ်က အဲဒီ့ စာထဲက အကြောင်းတွေပဲ သွားတွေးမိပြီး ကြောက်နေတာ..ပြူတင်းပေါက်နားတို့ ဘာတို့ဆိုရင် ညဘက်ဘယ်တော့မှ မကပ်တော့ဘူး။ :P

ကာရန်မဲ့ အတွေးစများ © 2008 Por *Templates para Você*