Tuesday, July 10, 2007

၁၉ ဇူလိုင် ၁၉၄၇ နိုင်ငံတော်လုပ်ကြံမှု (၂)



၁၉ ဇူလိုင် ၁၉၄၇ နိုင်ငံတော်လုပ်ကြံမှုနှင့်ပတ်သက်၍ (၁)

***

ကျွန်တော်တို့၏ ပွဲရုံအလုပ်မှာ လှော်ရင်းနစ်နေသဖြင့် ဖြုတ်လိုက်ရပါသည်။ ထိုအချိန်မှာ မိန်းမနှင့်ကလေး ကလည်း အတူလိုက်နေချင်ကြောင်း ပြောသဖြင့် ခေါ်ခဲ့ရပါသည်။ ၁၃၃လမ်းအိမ်မှာ အိမ်၂ခန်းကို ၆၀၀ကျပ် အပျောက်ပေးငှားပြီး နေရပါသည်။ လော်ရီတစ်စီးထပ်ဝယ်ပြီးနောက် ဘော်ဒီတင်ကာ ဘတ်စ်ကားတစ်စီး ထပ်တိုးလိုက်ပြန်ပါသည်။

ဗိုလ်ချုပ်အောင်ဆန်းစသော ခေါင်းဆောင်များ ဗိလပ်သို့လွတ်လပ်ရေးကိစ္စအတွက် သွားကြတော့မည့်ဆဲဆဲ အချိန်ဖြစ်ပါသည်။ တနေ့တ၌ ကိုသက်နှင်းသည် အဖေါ် ၂ ယောက်နှင့် ၁၃၃လမ်း ကျွန်တော်တို့အိမ်တွင် လာတည်းပါသည်။ သူတို့လာသောကိစ္စမှာ လွတ်လပ်ရေးအတွက် ဦးစော ဗိလပ်သွားရမည်ဖြစ်၍ လိုက်ပို့ရန် ဖြစ်သည်ဟုပြောပါသည်။

နံနက်၎ နာရီခန့်ထပြီး ကိုသက်နှင်းနှင့် အဖေါ်တစ်ယောက်ကို ကျွန်တော်တို့ကားနှင့် လိုက်ပို့ရာ ဦးစောနှင့် ကမ်းနားလမ်း စထရင်းဟိုတယ်ထဲမှာ တွေ့ရပါသည်။ အခြားပုဂ္ဂိုလ်များကို လိုက်ပို့သူများပါ မနည်းပါ။ ဦးစော၏ မျက်စိမှာ ထိုအချိန်က မျက်ရည်တရွှဲရွှဲနှင့် မကောင်းသေးသည်ကို သတိပြုမိပါသည်။ မိုးစင်စင်လင်း သောအခါ ဆိပ်ကမ်းသို့လိုက်ပို့ကြရပါသည်။ ရေယာဉ်ပျံနှင့်သွားကြပါသည်။ ဦးစောတို့အသုတ်တွင် ဗိုလ်ချုပ်အောင်ဆန်းကိုတော့ မတွေ့ပါ။ ဦးစောကို ကျွန်တော် တတိယအကြိမ် တွေ့ခြင်းဖြစ်ပါသည်။

ဘတ်စ်ကားပြေးသော အလုပ်မှာလည်း တရှုံးတည်း ရှုံးနေပါသည်။ မခံနိုင်တော့ပါ။ မိန်းမကလည်း မပျော်တော့။ တောသာပြန်ချင်သည်။ ထို့ကြောင့် တစ်သောင်းကိုးထောင်ကျထားသော ဒုတိယကားကြီးကို ရောင်းလိုက်ရာ တစ်သောင်းသုံးထောင်သာ ရပါသည်။ ပဌမကားကလေးက ရောင်း၍ မရပါ။ ကိုယ်ထည် ကလည်း သုံးမရတော့သဖြင့် စက်ကိုဖြုတ်ပြီး အိမ်အခန်းပေါ်တွင် တင်ထားပါသည်။ ကျွန်တော့်သူငယ်ချင်း စာရင်းစစ် လင်မယားက အိမ်တစ်ခန်းလိုချင်ကြောင်းပြော၍ ၂၅၀နှင့်ပေးရာ သူတို့က တလုံးတခဲတည်း မပေးနိုင်ပါ။ ရန်ကုန်လာတိုင်း တလတခါယူရန် သဘောတူရပြီး အခန်းတခန်းကိုလည်းရောင်းပေးရန် သူ့ကိုပင်အပ်ခဲ့ရပါသည်။ သို့နှင့်ကျိုက်လတ်မြို့ပေါ်တွင် ဂျပန်ခေတ်က ၀ယ်နိုင်သောအိမ်တွင် ပြန်နေကြပြီး၊ ဂုန်ညင်းတန်းမှာ လယ်လုပ်ကြပါသည်။

ကျွန်တော်က အခန်းရောင်းထားရသော ငွေတောင်းရန်နှင့် ထပ်ရောင်းရမည့် အခန်းအတွက် ရလိုရငြား၊ မော်တော်ကားစက်ကလေးကို ယောက္ခမဆောက်ထားသော ဘုန်းကြီးကျောင်းက ဆရာတော်ကို လှူချင်သောကြောင့် ရန်ကုန်လာရန်ပြင်ပါသည်။ ကိုသက်နှင်းက သူလည်း လိုက်ဦးမည်ဆိုပြီး လိုက်လာ ပါသည်။ ဤအခေါက်တွင် ကိုသက်နှင်းက ဦးစောအိမ်သို့ခေါ်သွားသဖြင့် ခဏတဖြုတ် ရောက်ပါသည်။ ဘာမှလည်း အကြောင်းမထူးပါ။

ရန်ကုန်တွင် ကျွန်တော်ထီ ၁၁ စောင် ထိုးခဲ့ပါသည်။ ကားစက်ကလေးမှာလည်း ကူလီခ၊ သင်္ဘောခ ၈၀ ခန့်ကုန်ကျမည်ဖြစ်၍ မသယ်နိုင်ပါ။ အိမ်ဘိုးကမူ နည်းနည်းပါးပါး ရပါသည်။ အခန်းကလည်း မရောင်းရသေးပါ။ စက်ကလေးကို လမ်းမတော်ကမ်းနားလမ်းဘက်ရှိ ဂီမော်ပွဲရုံတွင် ထားခဲ့ရပါသည်။ နောက်တခါ သမ္ဗန်နှင့်လာပြီး တင်ဘို့စိတ်ကူးပါသည်။

ကျိုက်လတ်သို့ရောက်ပြီး များမကြာမီမှာပင် ကိုသက်နှင်းသည် ကျွန်တော့်ကို ဘာမှမတိုင်ပင်ဘဲ စာရွက် ၃၀၀ခန့် ပုံနှိပ်စက်မှာ ရိုက်ပါသည်။ ကိုသက်နှင်းအိမ်တွင် ဘယ်နေ့ဘယ်ရက်က အစည်းအဝေး လုပ်ပြီး မျိုးချစ်ပါတီ ပြန်လည်ဖွဲ့စည်းလိုက်ကြောင်း၊ ဥက္ကဌ ဦးကြည်တင်၊ အတွင်းရေးမှူး ကိုသက်နှင်း၊ ကျွန်တော်က တွဲဖက်အတွင်းရေးမှူးနှင့် စည်းရုံးရေးမှူး စသည်ဖြင့် ထည့်ထားပြီးဝေငှပါသည်။ အမှန်အားဖြင့် မည်သည့် အစည်းအဝေးမှ ခေါ်သည်မဟုတ်ပါ။ သူ့ဖာသာ စာရွက် ရိုက်ဝေခြင်းဖြစ်ပါသည်။ ကျွန်တော်ဘာမှမသိရဘဲ ကျွန်တော့်နာမည် ဤသို့ပါလာပါသည်။ သို့ရာတွင် လူချင်းကလည်း အလွန်ခင်နေသောကြောင့်တကြောင်း၊ ဘာမှလည်းဖြစ်နိုင်မည် မဟုတ်ဟု ယူဆသောကြောင့်တကြောင်း ကျွန်တော်လည်း ဘာမှမပြောဘဲ နေလိုက်ပါသည်။ မျိုးချစ်ပါတီအနေနှင့် ကျိုက်လတ်တွင် ဘာမှ အစည်းအဝေးမလုပ်ပါ။ တစ်ခါမှလည်း အစည်းအဝေးမခေါ်ရပါ။ တခြားအမှုဆောင်များလည်း စာရွက်ထဲ နာမည်ပါလာမှ ကျွန်တော်ကဲ့သို့ သိကြသူချည်းဖြစ်ကြပါသည်။

ကျွန်တော်သည် တောသို့သွား၍ ခဏတစ်ဖြုတ် လယ်ကို ကြည့်ပါသည်။ မြို့တွင် အလုပ်မရှိလှပါ။ ကိုသက်နှင်း ကလည်း အလုပ်အထူး မရှိလှပါ။ ဓါတ်ရှင်ရုံပိုင် ရှိသည်ကို ငှားစားပါသည်။ ထို့ကြောင့်အားလျှင် လက်ဖက်ရည်ဆိုင် အတူသွားလေ့ ရှိကြပါသည်။ တော်တော်ပင် ခင်ကြပါသည်။ တလသာသာ ကြာသောအခါ ကျွန်တော် ရန်ကုန်သို့လာပြန်ရာ လူအား ဖြစ်သည့်အတိုင်း ကိုသက်နှင်းလည်း လိုက်ပြန်ပါသည်။ ကျွန်တော်က မော်တော်ကားစက်တင်ဘို့ သမ္ဗန်နှင့် လိုက်ခဲ့ရန် မှာခဲ့ပါသည်။ စက်ကလေးကို ၄င်းသမ္ဗန်နှင့် တင်ပို့လိုက်ပါသည်။ အိမ်ခန်းမှာ မငှားရသေးပါ။ ထို့ကြောင့် အိမ်ကပါလာသော ငွေကိုပင် သုံးရပါသည်။ ရန်ကုန်ရောက်တိုင်း ကိုသက်နှင်းက ဦးစောထံ တခေါက်တခေါက် သွားလေ့ရှိရာ ဤအကြိမ်တွင်လည်း သွားပြန်ပါသည်။ ကျွန်တော့်ကိုပါ ခေါ်သွားသည်။

ဦးစောသည် ပဌမတွင် ဟိုစကား သည်စကား ပြောပြီးနောက် “ကိုသုခကို ကျွန်တော်ပြောစရာတခုရှိတယ်ဗျာ၊ ကိုသက်နှင်းက ပြောပြထားလို့ ကိုသုခရဲ့ သမာဓိကိုတော့ ယုံကြည်ပြီးပါပဲ။ တခြားတော့မဟုတ်ပါဘူး။ ကျွန်တော်တို့နိုင်ငံရေး လုပ်တယ်ဆိုတာ ငွေလိုတယ်ဗျ။ ငွေရှိမှဖြစ်မယ်။ ဒီတော့ နာရီဝက်အတွင်း သိန်း ၅၀ လောက်သေချာပေါက်ရဘို့ အလုပ်ကို လုပ်ရမယ်။ မာကင်တိုင်ဘဏ်ကို ဓါးပြတိုက်ရမယ်။ ဒါသေချာတာပဲ။ ဖြစ်မှဖြစ်ပါ့မလားရယ်လို့တော့ တွေးမနေနဲ့တော့။ သေချာပေါက်ဖြစ်တယ်။ ဒါ- အင်္ဂလိပ်ကို တိုက်ထုတ်တဲ့ တနည်းနည်းပဲ၊ သူတို့စီးပွားရေးလုပ်ငန်းကို ဖျက်တာပဲ”စသည်ဖြင့် ပြောပြပါသည်။

ထိုအခါ ကျွန်တော်အံ့အားသင့်သွားပါသည်။ ဦးစော ဤသို့ ကြံစည်လိမ့်မည်၊ ပြောလိမ့်မည်ဟူ၍ မထင်မိခဲ့ပါ။ ကျွန်တော့်တစ်သက်တွင် ဓါးပြတိုက်ရန်အပြောခံရဖူးသည်မှာ ဤအကြိမ်သည်သာလျှင် ပဌမ အကြိမ်ဖြစ်ပါသည်။ ထို့ကြောင့် အလွန်စိတ်ညစ်မိပါသည်။ ဟန်မပျက်အောင် သတိအလွန်ထားပြီး နေရပါသည်။ စကားတစ်ခွန်းမှ ပြန်မပြောပါ။ ဤသို့လျှင် သူ့အား ကြည့်နေရပါသည်။ သူပြောသမျှ နားထောင်ခဲ့ပါသည်။ ဤမျှအထိပြောပြီး စကားဖြတ်ကာ အခြားစကားတွေ လျှောက်ပြောပါသည်။ ကျွန်တော်တို့လည်း ခဏကြာသောအခါ ထပြန်လာကြပါသည်။ ဤရက်အထိ သူ့အိမ်တွင် ကျွန်တော်ထမင်းတစ်ခါမှ မစားဖူးသေးပါ။ ရောက်သည့်အခါတိုင်းတော့ လက်ဖက်ရည်အချိုတိုက်ပါသည်။

ဦးစောအိမ်မှ ပြန်လာသောအခါ ဘတ်စ်ကားပေါ်တွင် ကျွန်တော် တွေးတောစဉ်းစားရင်း လိုက်ခဲ့ပါသည်။ ကိုသက်နှင်းကိုပင် စကားပြော၍ မရပါ။ မပြောချင်ပါ။ စိတ်လည်း နည်းနည်းမှ မကောင်းပါ။ နောက်တစ်နေ့တွင် ၀ယ်ခြမ်းစရာရှိသည်များကို ၀ယ်ခြမ်းပြီး ကျိုက်လတ်သို့ပြန်ခဲ့ကြပါသည်။ ရန်ကုန်တွင် ကိုသက်နှင်းနှင့် ဤအကြောင်းကို တခွန်းမှစကားစပ်၍ မပြောပါ။ ကျိုက်လတ်သို့ ပြန်ရောက်တော့လည်း အစတွင် တစ်ခွန်းမှ စပ်မပြော။ သို့ရာတွင် ကိုသက်နှင်းသည် ခါတိုင်းကဲ့သို့ပင် ၀င်ထွက်သွားလာနေပါသည်။

ရက်အတန်ကြာသောအခါ တညနေတွင် ကျိုက်လတ်ကန်ကြီးဘက် လမ်းလျှောက်ကြရင်း ကိုသက်နှင်းက “ဘယ့်နှယ်လဲဗျ၊ ဦးစောပြောတာ သိပ်တော့မဆိုးဘူးထင်တယ်၊ ခင်ဗျားစဉ်းစားပြီးပလား”စသည်ဖြင့် ပြောစမ်းလာပါသည်။ ထိုသို့ပြောဖန်များလာသောအခါ ဤစကားများသည် ယဉ်ပါးလာပါသည်။ ကျွန်တော်၏ စိတ်တွင်လည်း ဤလုပ်ငန်းအထမြောက်လျှင် မိမိအတွက် အထိုက်အလျှောက်ရမည်ဟုမျှော်လင့်မိကာ “အကောင်းသားဘဲ” ဟုတစ်ခါပြောလိုက်မိပါသည်။ ဤတခါသာ ပြောမိပါသည်။ နောက်လည်း ဤကိစ္စကို မပြောကြတော့ပါ။

မိုးဦးကျသောအခါ လယ်လုပ်သည့်နေရာတွင် တဲအုံဆောက်လုပ်ရန် သွားပါသည်။ တဲဆောက်နေစဉ် သမ္ဗန်တစ်စင်း ရောက်လာပါသည်။ ကိုသက်နှင်းက စာပေးလွှတ်လိုက်ခြင်း ဖြစ်ပါသည်။ “ကိုသုခ အရေးကြီးလို့ ဤသမ္ဗန်နှင့် အမြန်လိုက်ခဲ့ပါ”ဟူ၍ ဖြစ်ပါသည်။ အရေးကြီးသောကိစ္စဆိုသည်မှာ ဦးစောပြောသော ကိစ္စပင်ဖြစ်မည်ဟု တွေးမိပါသည်။ လိုက်သင့် မလိုက်သင့်လည်း စဉ်းစားပါသည်။ လျှို့ဝှက်သော ကိစ္စတရပ် မိမိအားပြောထားသည်ကို ရှောင်နေလျှင် မတော်ဟု ခပ်ပေါ့ပေါ့ပင် တွက်ဆပြီး လိုက်သွားပါသည်။ ညနေစောင်းမှ ကျိုက်လတ်သို့ရောက်ပါသည်။ ကိုသက်နှင်းကမူ ဦးစောက အခေါ်လွှတ်လိုက်သဖြင့် နက်ဖြန် ရန်ကုန်သို့ဆက်လိုက်ရန် ပြောပြပါသည်။ အိမ်သို့ပြန်ကာ အ၀တ်အစားပြင်၍ နက်ဖြန် ရန်ကုန်လိုက်မည့်အကြောင်းမိန်းမကို ပြောပြသည့်အခါ မိန်းမက နည်းနည်းမှ မသွားစေချင်ပါ။ “ကိုယ့်အလုပ်အကိုင်တွေနဲ့၊ အလုပ်အကိုင်ဝင်ခါနီး ခရီးသွားမလို့လား”ဟူ၍သာ ပြောပါသည်။ သွားခါလာခါနီး စိတ်စနိုးစနောင့် ဖြစ်မည်ကိုလည်း သူစိုးသည်။ ကျွန်တော်တို့ အစီအစဉ်များကိုမူ မသိရှာပါ။

ဤကြားထဲတွင် ယခင်တခေါက်က ထိုးထားခဲ့သောထီလက်မှတ် ၁၁စောင်အနက်မှ တစောင်က ၅၀၀ ဆုပေါက်ကြောင်း သတင်းစာထဲတွင်ပါလာသဖြင့် ထိုထီလက်မှတ်ကိုပါ ကျွန်တော်ယူခဲ့ပါသည်။ ယခုတခေါက်တွင် ဦးစောအိမ်မှ ကားနှင့်လာကြိုကာ တခါတည်း အင်းယားအိမ်သို့ ခေါ်သွားပါသည်။ ကျွန်တော်တို့ကားဝင်သွားသည်ဆိုလျှင်ပင် ဦးစောက “ဟာ လာကြပြီ၊ လာကြပြီ”ဟု ဖေါ်ဖေါ်ရွေရွေ နှုတ်ဆက်ပါသည်။ လက်ဖက်ရည်အချိုများ ချက်ချင်းတိုက်ပါသည်။ ဤအခေါက်တွင် သူ့ဝင်းထဲ၌ လူ ၃၀ လောက် စုမိနေပါပြီ။

လက်ဖက်ရည်အချိုသောက်ပြီး မကြာမီမှာပင် ဦးစောက သူ့လူများကို “ကဲ ပြင်ကြ၊ ပြင်ကြဟေ့”ဟု ဆိုလိုက်ပါသည်။ လူအချို့လည်း လုပ်ဘူးလက်စ ရှိကြသည်ထင်ပါသည်။ ချက်ချင်းပြင်ဆင်ပြီး လှေ ၂ စင်း ပေါ်တက်ကြပါသည်။ တော်မီ၊ စတင်း၊ ဘရင်း၊ အစုံပါပါသည်။ ဟိုကွေ့ဒီကွေ့နှင့် အင်းယားထဲလှော်သွားရရာ အတန်ကြာလျှင် ကျွန်းကလေးတစ်ကျွန်းသို့ ရောက်သွားကြပါသည်။ ထိုကျွန်းသို့ရောက်သောအခါ ဦးစောက “တခြားလူတွေကတော့ အားလုံးသိနေကြပြီ။ ကိုသုခတစ်ယောက်ပဲ မသိသေးတာ၊ (ကိုသက်နှင်းလည်းတွေ့ဖူးပြီး ဖြစ်ဟန် ရှိပါသည်။) ကဲ ဒီလိုဝင်၊ မိအောင်ဘမ်း၊ မန်နေဂျာနဲ့ ကက်ရှ်ရှာက ဗိုလ်တွေ၊ ဒီကောင်တွေကို မိအောင်ဘမ်း။ မလှုပ်စေနဲ့။ သူတို့အရေးကြီးတယ်။ စာရေးတွေ အရေးမကြီးဘူး။ ဟိုကောင်တွေ ဘောင်းဘီအိပ်ထဲ မနှိုက်စေနဲ့။ အံဆွဲမဖွင့်စေနဲ့။ သူတို့မှာ ခြောက်လုံးပြူး ပါချင်ပါမယ်။ မတတ်သာပစ်ရမှာပဲ။ ရိုက်လို့ရရင် ရိုက်ရမယ်။ လုပ်ငန်းတော့အထိမခံရဘူး။” စသည်ဖြင့် ပြောနေစဉ် အချို့က သစ်ပင်ကြား ၀င်လိုက်ထွက်လိုက်နှင့် ဘဏ်ကိုတိုက်သော လေ့ကျင့်ခန်း လုပ်နေကြပါသည်။ ဦးစောက ကျွန်တော့်ဘက်သို့လှည့်ကာ “တနေ့ကပြောတဲ့ကိစ္စပေါ့ဗျာ၊ ဒါ ရီဟာဇယ်အစမ်းပေါ့” ဟုပြောပါသည်။ ထို့နောက်မှောင်လာသောကြောင့် “ကဲ ကဲ နောက်တစ်ခါမှ ဆက်ကြတာပေါ့”ဟု ပြောပြီး လှေနှင့် ပြန်လာကြပါသည်။

နောက်တနေ့နံနက် လက်ဖက်ရည်သောက်အပြီးတွင် ဘဏ်ကိုသွား၍ ကြည့်ရပါသည်။ ထိုဘဏ်တွင်ဦးစောက ငွေ ၄ သောင်းကျော် ၅ သောင်း အပ်ထားပါသည်။ ထို့နောက် နေ့စဉ် တစ်ထောင်ထုတ်လိုက်၊ နှစ်ထောင်သွင်းလိုက် လုပ်ကာ တပည့်များကို ကြည့်ခိုင်း လေ့လာခိုင်းနေပါသည်။ ထိုနေ့တွင်မူ “တခြားလူတွေက ရောက်ဖူးကြပြီ ကိုသုခ လိုက်ကြည့်ပါ” ဆို၍ ကျွန်တော်လိုက်သွားရပါသည်။ ဘဏ်ရောက်သွား၍ ကြည့်သောအခါတွင် အောက်ထပ်မှာ ပြင်နေသည်ကို တွေ့ရပါသည်။ အပေါ်တက်ရသည်မှာလည်း တစ်ဆစ်ချိုးဝင်ရသဖြင့် အပေါ်မှာလုပ်နေသည်ကို အောက်က မသိနိုင်ပါ။ သို့နှင့် ကြည့်ပြီးပြန်လာကြပါသည်။

ဤသို့ဖြင့် ၆ရက် ၇ရက်မျှ ဘာမှမလုပ်ရဘဲ ဤသို့ပင်နေကြရပါသည်။ သူကလည်း အလွန်ဖေါ်ရွေပါသည်။ တအိမ်လုံး ပျော်ပျော်ရွှင်ရွှင် နေကြပါသည်။ ကျွန်တော်တို့လည်း ကိုယ်ကြိုက်သော လူနှင့်တွဲပြီး ထွက်လည်နိုင်ကြပါသည်။ ကျွန်တော်ပေါက်သော ထီလက်မှတ်အတွက်လည်း ငွေ ၅၀၀ ထုတ်ကာ အိမ်သို့ ပို့ပေးလိုက်ပါသေးသည်။

***
၁၉ ဇူလိုင် ၁၉၄၇ နိုင်ငံတော်လုပ်ကြံမှုနှင့်ပတ်သက်၍ (၃) သို့


Print this post

2 comments:

s0wha1 said...

9 Jul 07, 14:54
နှင်းမိုးဝေ: စာတွေ တ၀ဂျီးဖတ်လိုက်ရပါတယ်။ လူထုဦးလှဆောင်းပါးအတွက် ကျေးဇူးပါ။

s0wha1 said...

9 Jul 07, 21:05
မရန်ကုန်သူ: လူထုဦးလှ ဆောင်းပါးလာဖတ်သွားပါတယ် s0wha1.. နောက်ထပ် အခန်းဆက်တွေကို လည်း စောင့်ပြီးဖတ်ပါ့မယ်။ ဒီလိုဆောင်းပါးတွေကို ဖတ်ရတဲ့အတွက် ကျေးဇူးပါ။ :)

ကာရန်မဲ့ အတွေးစများ © 2008 Por *Templates para Você*