Wednesday, June 27, 2007

ကံ = ပြုလုပ်ခြင်း



ညက စာမရေးဖြစ်ဘူး။ ပျင်းနေတာရော၊ ခုရေးမယ့် အကြောင်းအရာရော ကြောင့်လေ။ ခေါင်းစဉ်ကို ကြည့်တာနဲ့ ကံ၊ ကံ၏အကျိုးကို ပြောတော့မယ်လို့ ထင်နေမလားပဲ။ ဘာမှတော့ မဟုတ်ပါဘူး။ မသိနားမလည်တဲ့လူကို ကံဆိုတာကို မရှင်းပြတတ်လို့ အခက်ကြုံရတဲ့အကြောင်းအရာလေးပါ။ မသိနားမလည်တဲ့လူလို့ သုံးလိုက်လို့ တမျိုးတော့ မထင်ပါနဲ့။ ကျွန်မဆိုလိုချင်တာက ဗုဒ္ဓဘာသာရဲ့အခြေခံကို သိပ်မသိတဲ့လူလို့ ပြောချင်တာပါ။

မနေ့ညက ညီမဖြစ်သူ yahoo messenger မှာ cf လို့ အများစုခေါ်တဲ့ conference chat room ထဲ ၀င်စကားပြောနေတယ်။ သူက ear pieces မသုံးဘဲ အသံကိုဖွင့်ထားသေး ပြီးတော့ ဒီဘက်ကနေလည်း သူက laptop နားကပ်ပြီး ပြန်ကုန်းအော်သေးဆိုတော့ အခန်းထဲမှာ သူ့အသံကြီးပဲ မကြားချင်လည်း ကြားနေရတယ်။ ဒီကြားထဲ သူ့အသံကို လွှမ်းအောင် သီချင်းဖွင့်မယ်ဆိုပြန်တော့ ကျွန်မစက်က အသံက တိုးတိုးလေးပဲ ထွက်တယ်။ ဘယ်လိုမှ သူ့အသံကို မကျော်နိုင်ဘူး။ အဲဒီတော့ နားမထောင်ချင်လည်း နားထောင်နေရတော့တာပေါ့။

အစကတော့ သူတို့တွေ ရယ်စရာတွေ ပြောနေကြတာ။ နောက်တော့ ကံ ဆိုတာ ဘာလဲ ထလုပ်တဲ့လူက လုပ်ရော။ သူက ခရစ်ယာန်ဘာသာဝင်လိုလို၊ မွတ်စလင်ဘာသာဝင်လိုလို၊ ခုကျတော့ ဘယ်ဘာသာမှ လက်မခံ၊ အယုံအကြည်မရှိတဲ့ ဘာသာမဲ့တဲ့။ သူက ဗုဒ္ဓဘာသာနဲ့ ပတ်သက်ပြီး အနည်းအကျဉ်းတော့ ဖတ်ထားမှာပေါ့လေ။ ဒါပေမဲ့ သူ ဘာမှသေချာမသိမှန်း သူ့စကားတွေအရတော့ သိသာပါတယ်။ ကျွန်မက cf ထဲ မ၀င်တတ်ပေမဲ့ ညီမလေးရဲ့ အွန်လိုင်း သူငယ်ချင်းမို့ အဲဒီလူနဲ့ ကျွန်မနဲ့ကလည်း ခင်တယ်။

သူက ပြောသေးတယ်... မိန်းမတွေက ကလေးမွေးဖို့ လူဖြစ်လာတာတဲ့။ သူသုံးတဲ့စကားတွေကတော့ တော်တော်ရင့်သီးတယ်။ ထားပါတော့လေ။ နောက်တော့ ညီမလေးက သောတာပန်ဖြစ်ချင်တယ်လို့ ပြောလိုက်ချိန်မှာ မိန်းမတွေက ဘယ်တော့မှ သောတာပန် မဖြစ်ဘူးလို့ ပြောပြန်ပါလေရော။ ဒါတော့ လွန်ပြီ။ ရဟန္တာမတွေတောင် ရှိတာကို။ အဲလိုပြောတော့လည်း ပုံပြင်တွေ၊ ဒဏ္ဍာရီထဲကဟာတွေ လာမပြောနဲ့။ လက်တွေ့ပဲ ပြောတဲ့။ ဟင်...ဘယ့်နှာတုန်းပေါ့။ cf ထဲက ရှိသမျှ မြန်မာဗုဒ္ဓဘာသာဝင်တွေလည်း တတ်သလောက်၊ မှတ်သလောက် သူ့ကို ရှင်းကြသေးတယ်။ နောက်တော့ တယောက်က ၀င်ပြောတယ်။ သောတာပန်ရတာက ယောက်ျား၊ မိန်းမနဲ့မဆိုင်ဘူး။ သက္ကာယဒိဋ္ဌိ ဆိုတဲ့ ငါစွဲပြုတ်ရင် သောတာပန်ဖြစ်တာပဲလို့။ ဒီတော့ သူက ဒါဆို ဒေါ်အောင်ဆန်းစုကြည်တို့၊ မာသာထရီဆာတို့က သောတာပန်ပဲတဲ့။ ကိုယ်ကျိုးစွန့်ပြီး အများအကျိုးဆောင်တဲ့လူတွေ၊ သူတို့လောက် စိတ်ဓာတ်ဖြူစင်တာလည်း မရှိဘူးတဲ့။ သူ့ဟာသူမေးပြီး သူ့ဟာသူဖြေတာ။ အဲဒီတော့ တယောက်က ပြောတယ်။ "အေး... မိန်းမက သောတာပန်မဖြစ်ဘူးဆို၊ ခုတော့ ကိုယ့်ဟာကိုယ် ပြောပြီး ကိုယ့်ဟာကိုယ် လက်ခံနေပါလား"လို့။ အဲဒီလို ပြောတာ့လည်း သူက မဟုတ်ပြန်ဘူး။ မိန်းမ သောတာပန် မဖြစ်ဘူး လုပ်ပြန်ရော။ သူ့လည်း ဘယ်လို ရှင်းပြရမလဲ၊ သက္ကယာဒိဋ္ဌိဆိုတာလည်း သိမှာမဟုတ်၊ နားလည်အောင်လည်း မရှင်းတတ်ကြ။

အဲဒီကနေ တဆင့်တက်ပြီး ကံဆိုတာ ပြုလုပ်ခြင်းတဲ့ ဟားဟားဆိုပြီး ထပ်လုပ်ပြန်တယ်။ စာအုပ်တစ်အုပ်မှာ ဖတ်ရတယ်တဲ့ ကံဆိုတာ ပြုလုပ်ခြင်းလို့ ရှင်းပြထားတယ်ပေါ့။ သူလုံးဝ အယုံအကြည်မရှိတဲ့အကြောင်း ပြောတယ်။ ကံဆိုတဲ့အကြောင်းကို ပြောရင် အကြောင်း၊ အကျိုး ဆက်စပ်နေတာကိုလည်း ပြောမှ ရမှာပေါ့။ ခုလက်ရှိ လုပ်လိုက်တဲ့ အကြောင်းကြောင့် ဒီအကျိုးဖြစ်လာတယ်။ ဒါ ကံပဲပေါ့။ ဒီလိုဆိုတော့ သူက လက်မခံပြန်ဘူး။ ဒါဆိုရင်တဲ့ ၁၃ နှစ်အရွယ် ကောင်မလေး Rape ခံရပြီး ကလေးရလာတာ ဒါ သူလုပ်တဲ့ ကံလားတဲ့၊ သူ့လုပ်ရပ်လားတဲ့။ လေသံက မာလာတယ်။ ဒါကို ဘယ်လိုပြန်ရှင်းရမလဲ။ ဟိုးအရင်က ကံ(လုပ်ရပ်)တွေပါ ပြောရတော့မယ်။ အဲဒီလိုဆို နောင်ဘ၀၊ ဒီဘ၀၊ ရှေ့ဘ၀တွေ လက်မခံတဲ့ ဒီလူက ဒဏ္ဍာရီတွေ လာမပြောနဲ့ လုပ်ဦးမယ်။ ဒါပေမဲ့ တယောက်ကတော့ ရအောင် ရှင်းပါသေးတယ်။ အဲဒါကို လက်မခံဘဲ သူက ထပ်ပြောသေးတယ်။ ကျွန်မတို့ ညီအမကို ပြောတာပါ။ ကျွန်မက cf ထဲ မ၀င်ထားပေမဲ့ ဘေးနားကနေ ၀င်ဝင်အော်နေတော့ ကျွန်မ ရှိနေမှန်း သူသိတယ်လေ။ နင်တို့တွေ ခု အဲဒီနိုင်ငံရောက်လာတာ ဘာလို့ ရောက်လာတာလဲတဲ့။ နင်တို့ ကြိုးစားအားထုတ်မှုတခုမှ မပါဘဲ နင်တို့အဖေကြောင့် ရောက်လာတာပေါ့။ အဲဒါ ကံလားတဲ့။ နင်တို့ရဲ့ ပြုလုပ်ခြင်း ဘယ်မှာပါလို့လဲတဲ့။ သူ့အသံကလည်း တဖြည်းဖြည်းကျယ်လာပြီ။ ဒါနဲ့ ကျွန်မလည်း ပြောတတ်သလောက် ပြောသေးတယ်။ အဖေ့ရဲ့ ကြိုးစားအားထုတ်မှု ပြုလုပ်ခြင်း ကံ အကြောင်းကြောင့် ကျွန်မတို့ မောင်နှမတွေ ရောက်လာရခြင်း အကျိုးကို ဖြစ်စေတယ် မဟုတ်ဘူးလား။ ဒီလိုပြောတော့လည်း ကျွန်မတို့ရဲ့ လုပ်ရပ် ကံဆိုတာမှ မပါတာတဲ့။ ရှင်းလေ၊ ရှုပ်လေ။ သူ့ကို ရှင်းရင်း၊ ရှင်းရင်း ကျွန်မညီမလေးကပါ အူလည်လည်ဖြစ်လာတယ်။

တကယ်တော့ ဗုဒ္ဓဘာသာဆိုတာ ကိုးကွယ်စရာ ဘာသာတရားဆိုတာထက် အတွေးအခေါ်၊ ဒဿန ဖြစ်ကြောင်း သူနားလည်ဖို့ လိုမယ်လို့ ကျွန်မထင်တယ်။ ဒီသဘောတရားကို နားလည်တဲ့ အသိလေးတခုပဲ လိုအပ်တာ။ ဖန်ဆင်းပြမှ၊ လက်တွေ့မြင်ရမှ ဆိုတာမျိုးမဟုတ်ဘဲ။ ဆိုလိုရင်း သဘောတရားကို နားလည်သွားတဲ့ အသိတခုပဲ ဆိုတာ သူသဘောပေါက်အောင် ဘယ်လို ရှင်းပြရမလဲ။ အဲဒီ အသိလေးသာရှိရင် ကံဆိုတာကိုလည်း ဒီလောက် ခဲရာခဲဆစ် ရှင်းပြရမှာမဟုတ်ဘူး။ ကိုယ်တွေကလည်း ခုမှ လေ့လာဆဲ ပြီးတော့ ကိုယ်နားလည်ထားတာကို သူများ သဘောပေါက်အောင် ဘယ်လို ပြန်ရှင်းပြရမှန်း မသိတဲ့လူစားတွေ။ ဒီလိုလူမျိုးတွေက ယောင်ဝါးဝါးနဲ့ ပြောတာကို သူ လက်မခံတာလည်း အပြစ်မဆိုသာ... နောက်ဆုံးတော့ ကျွန်မညီမရဲ့အသံ၊ cf က ထွက်လာတဲ့ အသံတွေကြောင့် ဘယ်လိုမှ အိပ်မရတဲ့ ကျွန်မအဖေက ကွန်ပျူတာတွေနဲ့ အင်တာနက်ကို ချိတ်ထားတဲ့ အိမ်ရှေ့က main switch ကြီးကို ပိတ်ချလိုက်တော့မှပဲ ဒီအခက်အခဲက လွတ်မြောက်သွားတယ်။ နာရီကြည့်လိုက်တော့ ည ၁ နာရီကျော်... အဖေ ကျွန်မတို့ညီအမကို နားရင်းမအုပ်သွားတာပဲ ကံကောင်း။ ဒါနဲ့ ကျွန်မလည်း ဘလော့ဂ်အတွက် စာမရေးဖြစ်တော့ဘူးပေါ့။ အင်တာနက်လည်း သုံးမရ၊ ကွန်ပျူတာလည်း ဖွင့်မရမှတော့ အိပ်လိုက်ရတော့တယ်။

ကျွန်မ ၁၀ တန်း အောင်ပြီးစက ဖတ်ခဲ့တဲ့ "ဘ၀အဓိပ္ပါယ်နှင့် ဘ၀သစ္စာ" ဆိုတဲ့ ဘာသာရေးစာအုပ်ထဲမှာ ဒီလိုရေးထားတယ်။


'ဘ၀အဓိပ္ပါယ်ကို ရှာဖွေခြင်း'

ဘ၀ဟူသည် ကျယ်ပြောလှပေသည်။ ဆန်းကြယ်နက်နဲလှပေသည်။ ဤကျယ်ပြောနက်နဲ ဆန်းကြယ်လှသည့်ဘ၀တွင် လူတို့သည် ကျင်လည်ကျက်စားရပေမည်။ သို့ကြောင့် အသိဥာဏ်ရှိသည့် လူသားသည် ဘ၀၏အကြောင်းကို မစူးစမ်း မလေ့လာဘဲ အဘယ်မှာ နေနိုင်မည်နည်း။ ဘ၀၏ အဓိပ္ပါယ်ကို သိလိုကြ၏။ သမိုင်းတလျှောက်ရှိ ခေတ်အဆက်ဆက်၌ ဘ၀နှင့်ပတ်သက်သည့် စုံစမ်းလေ့လာမှုများ၊ တွေးခေါ်မှုများကို ပြုခဲ့ကြပေသည်။ ဘ၀ကို ရှုထောင့်အမျိုးမျိုးမှ နည်းပရိယာယ်အမျိုးမျိုးဖြင့် အဓိပ္ပါယ်ကို ရှာပုံတော်ဖွင့်ခဲ့ကြသည်။ ဤသို့ အဓိပ္ပါယ်ဖွင့်ဆိုခြင်းဖြင့် ဘ၀၏ သစ္စာကိုပါ ဖေါ်ထုတ်လာနိုင်ရန် ရည်သန်ခဲ့ကြပေသည်။ ဘ၀၏ သစ္စာတရားကို သိမြင်လာသည်နှင့်အမျှ လူတို့သည် မိမိတို့ ကံကြမ္မာကို မိမိတို့ အကောင်းဆုံးဖြစ်အောင် ဖန်တီးကြမည် ဖြစ်ပေသည်။
ယင်းသို့ ဘ၀၏အဓိပ္ပါယ်နှင့် ဘ၀သစ္စာကို ရှာဖွေစူးစမ်းခဲ့သည့် ပုဂ္ဂိုလ်ကြီးများအနက် "ဗုဒ္ဓ" သည်လည်း တစ်ဦးအပါအ၀င် ဖြစ်ခဲ့သည်။ "ဗုဒ္ဓ" သည် လူတို့၏ လောကီ၊ လောကုတ္တရာအကျိုးနှစ်ဖြာကို ရှေးရှု၍ ဘ၀၏အဓိပ္ပါယ်ကို ဖွင့်ဆိုခဲ့သည်။ ဘ၀၏သစ္စာတရားသည် အဘယ်သို့ ဖြစ်သည်ကို ဟောကြားတော်မူခဲ့သည်။ မိမိဘ၀ ပကတိသဘာဝကို သိမြင်စေရေးအတွက် အောက်ပါအတိုင်း "ဗုဒ္ဓ" သည် ညွှန်ပြခဲ့ဖူး၏။
"မိန်းမဖြစ်စေ၊ ယောက်ျားဖြစ်စေ၊ လူဖြစ်စေ၊ ရဟန်းဖြစ်စေ မပြတ် ဆင်ခြင်အပ်သော အကြောင်းတို့သည် ဤ ငါးမျိုးတို့တည်း... အဘယ်ငါးမျိုးတို့နည်းဟူမူ-
'ငါသည် အိုခြင်းသဘောရှိ၏။ အိုခြင်း သဘောကို မလွန်ဆန်နိုင်ချေ' ဟူ၍...
'ငါသည် နာခြင်းသဘောရှိ၏။ နာခြင်း သဘောကို မလွန်ဆန်နိုင်ချေ' ဟူ၍...
'ငါသည် သေခြင်းသဘောရှိ၏။ သေခြင်း သဘောကို မလွန်ဆန်နိုင်ချေ' ဟူ၍...
'ငါ၏ ချစ်မြတ်နိုးအပ်သော အရာအားလုံးနှင့် ရှင်ကွဲ ကွဲရခြင်း၊ သေကွဲ ကွဲရခြင်းသည် ဖြစ်ချေမည်' ဟူ၍...
'ငါသည် ကံသာလျှင် မိမိဥစ္စာရှိ၏။ ကံ၏ အမွေခံဖြစ်၏။ ကံသာလျှင် အကြောင်းရှိ၏။ ကံသာလျှင် အဆွေအမျိုးရှိ၏။ ကံသာလျှင် ကိုးကွယ်မှီခိုရာ ရှိ၏။ ကောင်းသည်ဖြစ်စေ၊ မကောင်းသည်ဖြစ်စေ ငါပြုမိသော ကံ၏ အမွေခံသာ ဖြစ်ရပေမည်' ဟူ၍... မပြတ် ဆင်ခြင်အပ်၏။

ရည်ညွှန်းချက်

ဘ၀ = လူ၏ အသက်ရှင် လှုပ်ရှားနေသော ဖြစ်စဉ်...
ကံ = အတိတ်ဘ၀က ပြုခဲ့သော ကံကိုသာ ရည်ညွှန်းပြောဆိုခြင်း မဟုတ်ဘဲ ယခင်ကရော၊ ယခုပါ ပြုခဲ့ပြီး၊ ပြုဆဲ အကောင်းအဆိုး အပြုအမူလုပ်ရပ်တို့နှင့် နောင်အတွက်ပါ ပြုမည့် အပြုအမူ လုပ်ရပ်များကို ရည်ညွှန်းခြင်း ဖြစ်ပါသည်။ မိမိ ဘ၀ကောင်းအောင်၊ ဆိုးအောင် ပြုမူမှုလုပ်ရပ်(ကံ)သည် မိမိအပေါ်၌သာ ပဓာနအားဖြင့် မူတည်ကြောင်း ဆိုလိုရင်းသာ ဖြစ်သည်။

*****

အဲဒီထဲက ရှင်းလင်းချက်အတိုင်း မိမိ ပြုလုပ်လိုက်တဲ့ လုပ်ရပ်အကြောင်းကြောင့် ဒီလိုအကျိုးဆက် တွေဖြစ်လာကြောင်း ကိုယ်သိနားလည်သလိုပြောပေမဲ့လည်း သူပြောတဲ့ ဥပမာတွေကို သူနားလည်အောင် ထပ်မရှင်းတတ်ဘူး။ ကိုယ့်စိတ်ထဲမှာတော့ နားလည်နေသလိုပဲ။ ဒါတောင် ဘာမှမဟုတ်တဲ့ မေးခွန်းလေး။ ဒီထက်ခက်ခဲတဲ့ မေးခွန်းတွေဆို ပြီးပါလေရော။ ဒီတော့ ကိုယ့်ကိုယ်ကို စာတွေ ထပ်ဖတ်ဖို့လိုကြောင်းနဲ့ လူနားလည်အောင် ရှင်းပြတတ်ဖို့လိုကြောင်းတော့ သင်ခန်းစာ ရလိုက်တယ်။ ပြီးတော့ ကိုယ်ဖတ်ဖူးတဲ့စာတွေလည်း မမေ့ဖို့နဲ့ ဘာသာရေးနဲ့ ပတ်သက်ပြီး ဒီထက် နားလည်အောင် လေ့လာဖို့လည်း လိုသေးတယ်။ ဒီလိုနဲ့ပဲ စိတ်ထဲ တနုံ့နုံ့ဖြစ်နေတာနဲ့ ဘလော့ဂ်မှာ ရေးလိုက်ပြီ။ သူသဘောပေါက်အောင် အလွယ်ဆုံးနည်းနဲ့ ရှင်းပြတတ်ရင် ရှင်းပြပေးကြပါဦးလို့...

s0wha1

ကောက်နှုတ်ချက်။...။
"ဘ၀အဓိပ္ပါယ်နှင့် ဘ၀သစ္စာ" စာအုပ်မှ


Print this post

8 comments:

မေငြိမ်း said...

ကိုယ်က ဘလော့မှာ အလွမ်းတွေအမျိုးမျိုးတင်နေ..ကလေးတွေက တရားသဘောတွေ မိဘမေတ္တာတွေ ပြောကြ..ဒုက္ခ။
ခုလဲ အင်မတန် ငြင်းကြခုန်ကြရတဲ့ ဘယ်တော့မှလဲ ဘယ်သူကမှ အနိုင်မခံ အရှုံးမပေးကြတဲ့ ဘာသာရေးကိစ္စကို ပြောရမှာ။ အန်တီကတော့ သမီး စိတ်ရှည်လက်ရှည် ရေးပေးထားတာကိုပဲ ဖတ်ကောင်းကောင်းနဲ့ သေချာဖတ်လိုက်တယ်။ အင်းးး သေချာတာကတော့ ကောင်းတာလုပ်တဲ့အတွက် ဦးဆုံး ကိုယ် ပီတိဖြစ်ရတာက လက်တွေ့အကျိုးလို့ ခံစားရတာပဲ။လောလောဆယ်တော့ အဲဒီလူကို စာအုပ်တွေသာ များများဖတ်ခိုင်းလိုက်တာ အကောင်းဆုံးထင်တာပဲ..သမီးရေ။

Chocolaier said...

မမရေ ကံနဲ့ ကံရဲ့အကျိုးကို ရှင်းရမှာတော်တော် လက်ဝင်တယ်နော်။ ဖြစ်ခဲ့ဖူးတယ်။ အဲလိုမျိုးမေးတဲ့သူ တွေ့ခဲ့ဖူးတယ်။ ချိုကိုကတော့ စာအုပ်တွေထဲက သိပ်မမှတ်မိလို့ နာဖူးတဲ့တရားတွေထဲက မှတ်မိသလောက်ရှင်းခဲ့တာပဲ။ ကြားကနားညီးတဲ့ တစ်ယောက်ဝင်အော်လို့ ဆက်မငြင်းဖြစ်ပဲ ရပ်လိုက်ရတာ။ သူကလည်း လက်ခံမသွားဘူး။ သေချာတောင်မရှင်းလိုက်ရဘူး။ အဲလိုတော်တာ။

ကလိုစေးထူး said...

ဒီပို့စ်ကို ဖတ်ရင်းနဲ့ ပထမတော့ ဟိုဖက်က ငနဲသားလေးကို `တော်တော်ကပ်သတ်ပါလား´ လို့ ထင်တယ်။ နောက်တော့ အဲဒီလို ငါမှန်ရင်ပြီးရော စွတ်ငြင်းနေတဲ့လူကို ည ၁ နာရီ ကျော်အထိ အချိန်ပေးပြီး ငြင်းပေးတဲ့ ညီအမ နှစ်ယောက်ကို ဦးက ဘာလို့ မိန်းဆွစ်ဖြုတ်ရုံဖြုတ်ပြီး နသယ်မွှေးလေးတောင် မဆွဲသွားတာလဲလို့ အူယားတယ်။
ဘာသာရေးကိစ္စတွေက မငြင်းတာ အကောင်းဆုံးပဲကွာ။ ဒီဘက်ခေတ်ကို ရောက်လာလေလေ ပိုဆိုးလာလေလေပဲ။ ယုံကြည်ကိုင်းရှိုင်းမှုထက် `ငါ´ ဆိုတဲ့ အတ္တကို ဦးစားပေးမှုက ပိုများလွန်းလာတဲ့ ဘာသာရေး လိုက်စားသူနဲ့ တွေ့ရင်တော့ ဝေးဝေးရှောင်တာကောင်းပါတယ်။

မေဓာဝီ said...

ညီမလေးရေ …
မမေကတော့ ဘာသာရေးနဲ့ နိုင်ငံရေးကို တတ်နိုင်သမျှ မငြင်းဘဲ ရှောင်လေ့ရှိပါတယ်။ တယောက်နဲ့တယောက် ယုံကြည်ချက် ခံယူချက်ခြင်းဆိုတာ တူနိုင်ခဲတယ် မဟုတ်လား။ သူ့ယုံကြည်ချက်နဲ့သူ … သူ့ခံယူချက်နဲ့သူပဲ။ အဲ … တခုရှိတာကတော့ တခြားဘာသာလဲ မပုတ်ခတ် မစော်ကားနဲ့။ ကိုယ့်ဘာသာထဲမှာလည်း ဆွေးနွေးချင်ရင် (ငြင်းချင်ရင်) အရင်ဆုံးနှံ့စပ်အောင်လုပ်။ ကိုယ်နဲ့ဆွေးနွေးမယ့်သူကလည်း ယောင်ဝါးဝါး၊ ကိုယ်ကလည်း ဇဝေဇ၀ါဆိုရင် နှစ်ဦးနှစ်ဘက် အကျိုးမရှိပါဘူး။ နောက်ဆုံး အမုန်းပွားပြီး ရန်ထဖြစ်ကြရော။ ဖိုရမ်တွေမှာလည်း များသောအားဖြင့် ဒီလိုမျိုးတွေ တွေ့မြင်နေရတယ်။ လူဆိုတာ နည်းနည်းလောက်သိရင် များများပြောချင်ကြတာ ဓမ္မတာပဲ။ အများကြီးသိတဲ့သူ ကျတော့ သိပ်မပြောတော့ဘူး။ ဒီတော့ ညီမရဲ့ ညီမလေးကို ပြောလိုက်ပါ။ ဒါမျိုးငြင်းလာရင် တတ်နိုင်သလောက် ရှောင်ဖို့။ ပြီးတော့ သေချာ ချက်နဲ့လက်နဲ့ ဆွေးနွေးချင်ရင် ခုကစပြီး လေ့လာ သင်ယူဖို့။
ပြီးတော့ ဗုဒ္ဓဘာသာဆိုတာ ဘုရားရဲ့အတွေးအခေါ် ဒဿန မဟုတ်ပါဘူး။ မြတ်စွာဘုရားက လေးသင်္ချေနဲ့ ကမ္ဘာတသိန်း ပါရမီတွေဖြည့်ကျင့်ပြီး ရလာခဲ့တဲ့ အသိတရားတွေကို သတ္တ၀ါတွေ နားလည်နိုင်အောင် ပုဂ္ဂိုလ်အလိုက် ပြန်လည်ဟောကြားထားတာမို့ ဒါတွေက လိုက်နာကျင့်ကြံရမယ့် တရားတွေပါ။
တချို့တရားတွေက အလွန်နက်နဲတဲ့အတွက် စဉ်းစားတွေးခေါ်ရုံနဲ့ နားမလည်နိုင် မသိနိုင်ပါဘူး။ ဒါကြောင့် တကယ်သိချင်ရင် တကယ်လက်တွေ့လုပ်မှဖြစ်မှာပါ။ ဥပမာ ၃၁-ဘုံ ရှိတယ်ဆိုတာ မယုံကြည်ဘူး ဆိုရင် ရှိတယ်ဆိုတာ သိနိုင်တဲ့ နည်းလမ်းတွေ ရှိတယ်။ (အဲဒါနဲ့ပတ်သက်ပြီး အဘိဓမ္မာ ဘလော့မှာ ရေးထားပါတယ်။) ဒါကိုလက်တွေ့လုပ်မှ သိနိုင်မယ်။ မလုပ်ဘဲ မကျင့်ဘဲ မရှိပါဘူး မယုံပါဘူး စွတ်အော်နေတာ အလကားပဲ။ သူတို့ဟာ ဆွေးနွေးချင်- အသိချင်းဖလှယ်ချင်တာထက် ငြင်းချင် အတိုက်အခံပြုချင်တဲ့ ဘက်ကို ပိုများနေပါတယ်။ ဒီလိုမျိုး အကျိုးမရှိ ငြင်းခုံဆွေးနွေးမှုအတွက် ရလဒ်က မကောင်းနိုင်ပါဘူး။ လေ့လာပါ၊ သင်ယူပါ၊ လက်တွေ့ ကျင့်သုံး အားထုတ်ပါလို့ပဲ ပြောချင်ပါတယ်။
(ကွန်နက်ရှင်မကောင်းလို့ ခုမှရေးလိုက်နိုင်တယ် ညီမလေးရေ)

s0wha1 said...

28 Jun 07, 00:17
lock25: ကံ ဆိုတဲ့ပို့စ်ကိုဖတ်သွားတယ်။ အမဘယ်လိုပဲရှင်းပြ၂ သူက လက်ခံမှာမဟုတ်ဘူးဗျ။ အမရှင်းပြလို့ အမှန်ကိုသူသိတာတောင်မှ သူပြောခဲ့တဲ့စကားအတွက် လက်ခံမှာမဟုတ်ဘူး။

Anonymous said...

ခုတလော အဲဒီ ကံအကျိုးကိုတွေးမိနေတုန်း တိုက်၂ဆိုင်၂ ဒီပို့စ်လေးဖတ်ပြီး ကြိုက်သွားတယ် ။ ဘ၀အဓိပ္ပါယ် ရှာဖွေနေတဲ့ အမတွက် ဘ၀အဓိပ္ပါယ်ရှာဖွေခြင်းစာအုပ်က စာသားတွေကို အမရဲ့ စာပေအိုးမှာ ပြန်လည် ဝေမျှလိုက်တယ်နော် ။

ကျေးဇူးပါ ။

Wai said...

hEY.. I like it when u say 'its a kind of Philosophy.. Anyway u should read "http://books.google.com/books?id=Ey94E3sOMA0C&dq=history+of+western+philosophy&pg=PP1&ots=Eg9eCC-fCK&sig=T13kiy3XAZP8R3JR9oXBq1w8pvI&prev=http://www.google.com/search%3Fhl%3Den%26safe%3Doff%26rls%3DGGLG%252CGGLG%253A2006-30%252CGGLG%253Aen%26q%3Dhistory%2Bof%2Bwestern%2Bphilosophy&sa=X&oi=print&ct=title#PPA1,M1".

:D

s0wha1 said...

အိုကေ မဂျစ်...

ကာရန်မဲ့ အတွေးစများ © 2008 Por *Templates para Você*