Friday, June 1, 2007

ကျွန်မနှင့် Blog Banner



မနေ့ညက ကျွန်မဘလော့ဂ်အတွက် ဘန်နာလေးတစ်ခု ရဖို့အရေး ည ၂ နာရီကျော်မှ အိပ်ရတယ်... ဘလော့ဂ်ရေးဖို့ အစီအစဉ်မရှိဘဲ ကောက်ခါငင်ခါ ထလုပ်တော့ ဘာမှ ကြိုမစဉ်းစားထားဘူးလေ... အဲ့ဒီတော့ ဘလော့ဂ်ကို နာမည်ပေးဖို့ကအစ တော်တော်ခေါင်းစားရတယ်... web ရေးတဲ့ HTML တို့၊ Programming တို့ ဆိုတာကလည်း ကျောင်းတုန်းက သင်ပေးလိုက်တဲ့ အခြေခံလောက်ပဲ ကျွန်မ တတ်တာ... ဒီတော့ အူလည်၊ အူလည်နဲ့ပဲ ဘလော့ဂ်လေးနည်းနည်း ကြည့်ကောင်းအောင် ပြင်ဆင်ရတယ်... ကျွန်မကို ဘလော့ဂ် မရေး၊ ရေးအောင် မြှောက်ပေးခဲ့တဲ့ ကိုကြီးစေးထူးကတော့ ကျွန်မ ဒီလို ခေါင်းခြောက်နေချိန်မှာ ဘယ်ရောက်နေမှန်းတောင် မသိပါဘူး... ကြုံလို့ မသ
ိတာလေး သူ့မေးတော့လည်း နောက်တော့ ပြောပြမယ်ဆိုပြီး သူ့ဟာသူ အလုပ်ရှုပ်နေပါတယ်... ကိုကြီးစေးထူးကို အန်တီမေငြိမ်း ပြောနေကျစကားအတိုင်း ပြောရရင် သူ့အလုပ်ကြီးပါပဲ... တကယ်ကို ဖမ်းမမိတာပါ... သူ ပြောပြ၊ ကူညီပေးတဲ့ အထိသာ စောင့်နေရရင် ကမ္ဘာလဆန်း ၁ရက်နေ့မှာတောင် ကျွန်မ ဘလော့ဂ် ရေးရဖို့ မသေချာပါဘူး... ဒါပေမဲ့ ပြန်စဉ်းစားကြည့်တော့လည်း သူက ကျွန်မကို ဘလော့ဂ်ရေးဖို့သာ တိုက်တွန်းခဲ့ပေမဲ့ ဘလော့ဂ် လုပ်ပုံလုပ်နည်း ကူညီမယ်လို့ ပြောခဲ့တာမှ မဟုတ်ဘဲ... ဒီတော့လည်း ရှိစေတော့... Template ထဲက စာတွေ လိုက်ဖတ်ပြီး ကျွန်မကြိုက်တဲ့ အရောင်တွေသုံးလို့ ဟိုကလိ ဒီကလိ လျှောက်လုပ်၊ မောင်လေး မင်းမင်း၊ ညီမလေး ချိုကိုတို့နဲ့ သူမသိ ကိုယ့်မေး၊ ကိုယ်မသိ သူ့မေးနဲ့ သုံးယောက်ပေါင်း လုပ်ချင်ရာလုပ်လိုက်ကြတာ ကျွန်မဘလော့ဂ်လေး နည်းနည်း (ကျွန်မစိတ်အထင်) ကြည့်ပျော်ရှုပျော် ဖြစ်လာတယ်ပေါ့... နောက်ပိုင်း "ကိုမောင်လှဘလော့ဂ်" မှာ သွားဖတ်လိုက်၊ "ကိုရန်အောင်ဘလော့ဂ်" မှာ ဖတ်ပြီး ပြုပြင်လိုက်နဲ့ ခုတော့ နည်းနည်း သဘောပေါက်လာသလိုပဲ... ဒါပေမဲ့ ခုချိန်ထိ EOT လုပ်တာ error တက်နေတုန်း...

နောက်တော့ ကျွန်မ ဘန်နာလုပ်ဖို့အတွက် စဉ်းစာရတယ်... ဘယ်လိုပြင်ဆင်မလဲပေါ့... ကျွန်မဆိုတဲ့ လူစားကလည်း ဟိုစပ်စပ်၊ ဒီစပ်စပ်နဲ့ ဘာမှ ဖြစ်ဖြစ်မြောက်မြောက် သိတာ မရှိတော့ အနုပညာဆန်ဆန်၊ ကဗျာဆန်ဆန် ဒီဇိုင်းလေးတွေလည်း စိတ်ကူးနဲ့တောင် မဖန်တီးနိုင်ဘူး... ဒါနဲ့ ရိုးရိုးလေး စဉ်းစားကြည့်တယ်... နောက်ခံအရောင်ကတော့ ကျွန်မအကြိုက်ဆုံး အပြာရောင်လေးပဲပေါ့... နောက် ဘာပုံလေးတွေ ထည့်မလဲ ဆက်စဉ်းစားတော့ ကျွန်မ မွေးဖွားရာဇာတိ မဟုတ်ပေမဲ့ လူမှန်းသိတတ်စ အရွယ်ထဲက နေထိုင်ကြီးပြင်းခဲ့ရတဲ့၊ ကျွန်မအတွက် ဘယ်တော့မှ မမေ့နိုင်သော အရပ်ဒေသဖြစ်တဲ့ လောဓလေးရွာလေးတည်ရှိရာ ကယားပြည်နယ်ရဲ့ ပုံရိပ်လေးတွေ ထည့်မယ်လို့ စိတ်ကူးရတယ်... ဒါနဲ့ လွိုင်ကော်မြို့ရဲ့ အထင်ကရ တောင်ကွဲစေတီပုံလေး ထည့်လိုက်ပါတယ်... ပြီးတော့ ကယားပြည်ရဲ့ အထိမ်းအမှတ် ကိန္ဒရီပုံလေး ထည့်ပါတယ်...


ဘန်နာအတွက် ပုံကတော့ စိတ်အေးရပါပြီ...ဘလော့ဂ်နာမည် ပေးဖို့ပဲကျန်ပါတော့တယ်... ကျွန်မအရင်က ဘန်နာ စာသားအဖြစ်ရေးထားတဲ့ အန်တီစုရဲ့ Use your Liberty to Promote ours ဆိုတဲ့ စာသားကို ဆက်သုံးသင့်၊ မသုံးသင့် တွေးမိတယ်... မသုံးသင့်ဘူးလို့ ကျွန်မ ယူဆတဲ့ အတွက် တခြားစာသားတွ စဉ်းစားရပြန်ပါတယ်... မသုံးသင့်ဘူးလို့ ဘာလို့ ကျွန်မတွေးမိလဲဆိုတော့ ကျွန်မဟာ ဘာမှမဟုတ်တဲ့ လူတစ်ယောက်ဖြစ်တဲ့အတွက် တချို့သော ကိုယ့်အပြုအမူ၊ အပြောအဆို၊ အယူအဆ တခုခုကြောင့် ကျွန်မချစ်လှစွာသော အန်တီကို မထိခိုက်စေချင်ပါဘူး... ဒါနဲ့ ကျွန်မ တခြားစာသားတွေ ဆက်စဉ်းစားတော့ အနုပညာ ပါရမီနည်းပါးပြီး စာကိုတောင် ပြေပြေပစ်ပစ်မရေးတတ်တဲ့ ကျွန်မအတွက် တော်တော်ဦးနှောက်စားရပါတယ်... စကားပြေအရေးအသားလည်း မရေးတတ်၊ ကာရန် နဘေတွေနဲ့ စကားလုံးလှလှလေးတွေလည်း မစဉ်းစားတတ်တဲ့ ကျွန်မ ပထမဆုံး စဉ်းစားမိတဲ့ စကားလုံးက နှောင်ကြိုးမဲ့ အလင်္ကာ ပါ... လွတ်လပ်မှုကို လူတွေ မြတ်နိုးကြတဲ့အတိုင်း နှောင်ကြိုးမဲ့ ဆိုတဲ့ စကားလုံးကို ကျွန်မအရမ်းကြိုက်ပါတယ်... အလင်္ကာကတော့ စာတစ်ပုဒ်ကို လှပအောင် တန်ဆာဆင်တယ်ပေါ့... နှောင်ကြိုးမဲ့က ကျွန်မကဗျာမှာ ထည့်သုံးထားတဲ့ စကားလုံးဆိုတော့ ဘန်နာအတွက် ထပ်မသုံးချင်ပြန်ဘူး... ဒီတော့ နှောင်ကြိုးမဲ့အစား ကာရန်မဲ့လို့ ကျွန်မ သုံးချင်မိတယ်... ဟုတ်တယ်လေ ကျွန်မရဲ့စာတွေကလည်း အချိုးမပြေ၊ ဘာရသမှ မပေးနိုင်ဆိုတော့ ကိုယ့်အရေးအသားနဲ့ လိုက်ဖက်ရာ ကာရန်မဲ့ဆိုတဲ့ စကားလုံးပဲ သုံးသင့်တယ်လို့ ကိုယ့်ဖာသာတွေး၊ ကိုယ့်ဖာသာထောက်ခံပြီး ကာရန်မဲ့ အလင်္ကာ လို့ နာမည်ပေးလိုက်တယ်... ဒီလိုနဲ့ ကျွန်မရဲ့ ဘန်နာကို တစုံတယောက်ရဲ့အကူအညီနဲ့ အားကြိုးမာန်တက်လုပ်ပြီးသကာလ ကျွန်မ ဖတ်နေကျ ဟိုဘလော့ဂ်၊ ဒီဘလော့ဂ်တွေ လျှောက်ကြည့်ပါတယ်... ကိုယ်နဲ့ စကားလုံးများ တူနေမလား၊ ဘလော့ဂ်နာမည်တွေ ဘယ်လိုပေးကြလဲဆိုတဲ့ လေ့လာ၊ စပ်စုချင်တဲ့ ရည်ရွယ်ချက်နဲ့ပါ... အရင်တုန်းက ဘလော့ဂ်တွေမှာ ရေးထားတဲ့ စာတွေဖတ်ရဖို့သာ ကျွန်မ စိတ်ဝင်စားလေတော့ ဘလော့ဂ်အပြင်အဆင်၊ နာမည်တွေကို ဂရုတစိုက် မကြည့်မိခဲ့ဘူး... နောက်ဆုံးတော့ တွေ့ပါပြီ... မအိမ့်ချမ်းမြေ့ရဲ့ ဘလော့ဂ်နာမည်က သံစဉ်မဲ့ အလင်္ကာများ ပါတဲ့... ဒါနဲ့ ကျွန်မတင်ထားတဲ့ ဘန်နာကို အမြန်ပြန်ဖြုတ်ရပါတယ်... မအိမ့် သော်လည်းကောင်း၊ တစ်ယောက်ယောက်သော်လည်းကောင်း ကျွန်မ ဘန်နာကို မြင်သွားရင် မကောင်းဘူး... ပြီးတော့ ကျွန်မက မသိလို့ ယူသုံးထားသော်လည်း ကော်ပီရိုက်ဆိုတာနဲ့ ငြိနိုင်တယ်လေ...

ဒီတော့ ယာယီအဆင်ပြေသွားပြီလို့ထင်ထားတဲ့ ဘလော့ဂ်နာမည် ကိစ္စက မပြီးပျက်နိုင်ပြန်ဘူးပေါ့... ညတွင်းချင်း ပြီးအောင်လုပ်မယ်လို့ တွေးပြီး နောက်ထပ် နာမည်တွေ၊ စကားလုံးတွေ ထပ်စဉ်းစားပါတယ်... ကျွန်မကလည်း ပြီးခဲ့တဲ့ တစ်ပတ်က ကိုကြီးစေးထူးရဲ့ ပို့စ်နာမည် ဖြစ်တဲ့ "စကားလုံးမဲ့ ၀မ်းနည်းခြင်း" ဆိုတာလေးကို စိတ်ထဲ အရမ်းစွဲနေမိတယ်... အဲ့ဒီတော့ ခုတလော ကျွန်မစဉ်းစားမိသမျှ စကားလုံးတွေက စကားလုံးမဲ့၊ နှောင်ကြိုးမဲ့၊ မျှော်လင့်ချက်မဲ့၊ သံစဉ်မဲ့၊ ကာရန်မဲ့၊ ဘာမဲ့ ညာမဲ့တွေ ဖြစ်နေပါလေရော... ကျွန်မ စဉ်းစားထားသမျှ ခေါင်းစဉ်လေးတွေက အမှတ်တရ အတွေးစကလေးများ သံစဉ်မဲ့သော လှိုင်းလုံးကလေးများ (လှိုင်းဆိုတာကို ဘာလို့စဉ်းစားမိမှန်း ကျွန်မလည်း မသိပါဘူး...)၊ (ကျွန်မ ကဗျာထဲက) သစ်တစ်ပင် အတွေး နဲ့ နှောင်ကြိုးမဲ့ သစ်ပင် လေလှိုင်းထဲမှ ခံစားချက်များ တို့ပါ... ဒါပေမဲ့ အဲ့ဒီနာမည်တွေကို မရွေးဖြစ်ဘဲ အရမ်းကို ကာရန်မဲ့ချင်နေတဲ့အတွက် ကာရန်မဲ့ အတွေးစများ ဆိုတာကိုပဲ ကျွန်မ ရွေးချယ်လိုက်ပါတယ်...

ကျွန်မ ဘလော့ဂ်နာမည်နဲ့ နာမည်တူရှိနေရင် ကျေးဇူးပြုပြီး ကျွန်မကို အကြောင်းကြားပေးကြပါရှင်... ကျွန်မ တကယ်မသိလို့ နာမည်တူသွားတာသာဖြစ်ပြီး နောက်ထပ် နာမည်တစ်ခုကို အမြန်ပြန်ပြောင်းပေးပါ့မယ်နော်...


s0wha1

(မမေ အလင်္ကာ အဓိပ္ပါယ်ကို ရှင်းပြပေးတာ ကျေးဇူးနော်...)

Print this post

3 comments:

Chocolaier said...

မမရေ ချိုကိုလည်း ပုံစံပြောင်းထားတယ်။ သိပ်တော့မပြင်ရသေးဘူး။
လုပ်ရမှာနည်းနည်း ပျင်းနေလို့။ နာမည်လေးက မိုက်တယ်နော်။ အားပေးပါတယ်။

Yan said...

ကောင်းတယ်ဗျာ. နာမည်လေးလှတယ်.
နာမည်တူတာရှိချင်ရှိနိုင်ပါတယ်. လောလောဆယ်တော့ ကျွန်တော်မတွေ့မိသေးဘူး. နာမည်တူမတူဖို့ထက် ကိုယ့်ပို့စ်လေးတွေက သူများတွေနဲ့ မတူ တစ်မူထူးခြားနေဖို့ ပိုအဓိကကျပါတယ်ဗျာ. တူလာခဲ့ရင်လည်း အုန်းမစားနဲ့. နာအရင်လုပ်တာကွလို့ ပြောပစ်လိုက်. ဟတ်ဟတ်ဟတ်..

မေဓာဝီ said...

ဘန်နာလေးလည်း လှပါသည်။
နာမည်လေးလည်း လှပါသည်။
templateလေးလည်း လှပါသည်။
နာမည်တူရှိရင်လည်း ကိုရန်လေး ပြောသလိုပဲ ပြောလိုက်ပေါ့ ညီမရယ် … ။

ကာရန်မဲ့ အတွေးစများ © 2008 Por *Templates para Você*